လက်နက်ကြီးကြောင့် ဘီးလင်းက ရဟန်းနှစ်ပါးနဲ့ ကိုရင်တစ်ပါး ဒဏ်ရာရ

RFA Burmese
2023.02.13
လက်နက်ကြီးကြောင့် ဘီးလင်းက ရဟန်းနှစ်ပါးနဲ့ ကိုရင်တစ်ပါး ဒဏ်ရာရ ဘီးလင်းမြို့နယ် မိချောင်းအိုင်ရွာ ဘုန်းတော်ကြီးကျောင်းထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒဏ်ရာရရှိခဲ့သည့် ရဟန်းတစ်ပါးအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
KNU-Doo Tha Htu District

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် မိချောင်းအိုင်ရွာ ဘုန်းတော်ကြီးကျောင်းထဲကို ဖေဖော်ဝါရီလ ၁၁ ရက်ညပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ရဟန်းနှစ်ပါးနဲ့ ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကျည်ဟာ ဘုန်းကြီးကျောင်းသိမ်ကို ထိမှန်ခဲ့တာလို့ ဘီးလင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ (စစ်ကောင်စီတပ်) ပစ်လိုက်တာ ဘုန်းကြီးကျောင်းသိမ်ထဲကို လက်နက်ကြီး တစ်လုံးကျတော့ သိမ်ပျက်စီးသွားတယ်။ ၁၂၀ မမတွေနဲ့ ပစ်တာ။ ထိခိုက်ဒဏ်ရာရတဲ့ ရဟန်းနှစ်ပါးနဲ့ ကိုရင်တစ်ပါးကတော့ ဆေးကုသမှုခံယူနေရတယ်။ လက်နက်ကြီးတွေ ကတော့ အဲဒီလို မကြခဏရွာထဲကို ပစ်တယ်။ တခြားရွာတွေကိုလည်း ပစ်တယ်"

လက်နက်ကြီးကျည်ကြောင့် သက်တော် ၁၁ နှစ်အရွယ် ကိုရင် ရှင်တေဝံသ၊ သက်တော် ၅၆ နှစ်အရွယ် ဦးသောမနနဲ့ သက်တော် ၇၁ နှစ်အရွယ် ဦးပဏ္ဍတိတတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ တာပါ။

မွန်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဦးတိုးဝင်းကတော့ ဒီဖြစ်စဉ်ကို မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

RFA ရဲ့စာရင်းတွေအရ ၂၀၂၂ ခုနှစ် သြဂုတ်လကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ လက်နက်ကြီး၊ မြေမြှုပ်မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သံဃာတော်တွေ အပါအဝင် ဒေသခံ ၂၁၈ ဦးသေဆုံးခဲ့ပြီး ၅၉၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။