လက်နက်ကြီးကြောင့် သထုံမှာ ကလေးတစ်ဦး အပါအဝင် နှစ်ဦးဒဏ်ရာရ

RFA Burmese
2023.09.16
လက်နက်ကြီးကြောင့် သထုံမှာ ကလေးတစ်ဦး အပါအဝင် နှစ်ဦးဒဏ်ရာရ မွန်ပြည်နယ် သထုံမြို့နယ် ပိန္နဲတောအလယ်ရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်ခဲ့သည့် နေအိမ်အား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။
𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

မွန်ပြည်နယ် သထုံမြို့နယ် ပိန္နဲတောအလယ်ရွာနဲ့ ဝမ်းဘဲအင်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သား နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က စက်တင်ဘာလ ၁၆ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

KNU တပ်မဟာ ၁ ထိန်းချုပ်ထားတဲ့ သထုံမြို့နယ်က ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ် ပိန္နဲတော တပ်စခန်းက စက်တင်ဘာလ ၈ ရက် ညနေပိုင်းမှာ လက်နက်ကြီးကျည် လေးလုံး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီထဲက လက်နက်ကြီး ကျည်တစ်လုံးဟာ ပိန္နဲတောအလယ်ရွာထဲကို ကျရောက် ပေါက်ကွဲပြီး အသက် ၁၃ နှစ်အရွယ် မောင်ဇော်ဖြိုးဦး ဒဏ်ရာရရှိခဲ့သလို နောက်ထပ် လက်နက်ကြီးကျည် သုံးလုံးဟာ ဝမ်းဘဲအင်းရွာထဲကို ကျရောက်ပေါက်ကွဲပြီး အသက် ၃၈ နှစ်အရွယ် နော်ခိုင်ခိုင် ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ဒီအပြင် စက်တင်ဘာလ ၁၀ ရက် ည ၉ နာရီခွဲမှာလည်း ပိန္နဲတောတပ်စခန်းကနေ လက်နက်ကြီးကျည် ခြောက်လုံးထပ်မံပစ်ခတ်ခဲ့ပြီး ကျုံမိန်ရွာ အနီးနားကျရောက်ပေါက်ကွဲ ခဲ့ပေမယ့် အရပ်သား ထိခိုက်သေဆုံးမှု မရှိဘူးလို့ KNU က ထုတ်ပြန်ပါတယ်။

ဒါနဲ့ပတ်သက်လို့ မွန်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ဒေါက်တာအောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလ ၁၆ ရက် ဒီကနေ့အထိ မွန်ပြည်နယ်မှာ အရပ်သား ၂၀ ဦးသေဆုံးပြီး ၆၀ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။