မွန်ပြည်သစ်ပါတီက အစိုးရသစ်နှင့် သီးခြား ဆွေးနွေးရန်မရှိ
2011.03.28

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ လွတ်လပ်သောမွန်သတင်းဌာနရဲ့ထုတ်ပြန်ချက်မှာလည်း ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို စစ်ရေးအရ တိုက်ခိုက်နေတာနဲ့ပတ်သက်လို့ မွန်ပြည်သစ်ပါတီက ရှုတ်ချထားကြောင်း ဖော်ပြထားပါတယ်။
အဖွဲ့အနေနဲ့ ၁၉၈၉ ခုနှစ်က ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တပ်ပေါင်းစု (UNFC) နဲ့ ပြန်လည် ပူးပေါင်းထားပြီး လာမဲ့ အစိုးရသစ်နဲ့လည်း သီးခြား တွေ့ဆုံဖို့ မရှိဘူးလို့ မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ် ပြောဆိုတဲ့အကြောင်း လွတ်လပ်သော မွန်သတင်းဌာနရဲ့အယ်ဒီတာ Lawi Weng က RFA ကို ပြောပါတယ်။
“အစိုးရသစ်က ပေါ်လာလို့ ရှိရင် သူတို့ကို ခေါ်လို့ရှိရင် သူတို့က မသွားဘူး။ မသွားဘူးဆိုတာ အခု UNFC နဲ့ အဲဒီမှာ အကုန်လုံး တခါတည်း သူတို့ သွားကြမဲ့ သဘောထား အဲလိုမျိုးတော့ ရှိတယ်တဲ့။ သူတို့ ဆွေးနွေးထားတဲ့ ဟာပေါ့နော်။ သူတို့ အပြောအရ ဆိုရင်တော့ အရင်တုန်းကလိုမျိုး ၁၉၉၅ ကတုန်းကလိုမျိုးတော့ မဟုတ်တော့ဘူးတဲ့။ မသွားတော့ပါဘူးတဲ့။”
တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်တပ်ပေါင်းစု UNFC အနေနဲ့လည်း စစ်ရေးအရ ပြင်ဆင်ထားသလို တွေ့ဆုံ ဆွေးနွေးရေးအတွက်လည်း အသင့် ရှိနေတယ်လို့ ကရင်အမျိုးသား အစည်းအရုံး ကေအင်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောပါတယ်။
“အခု ကျွန်မတို့ ရရှိတဲ့သတင်းကတော့ သူတို့ ဒီ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ သူတို့ ပြန်ပြီးတော့ တိုက်ခိုက်ဖို့ လုပ်ဆောင်မယ်တဲ့။ အဲဒါ ကျွန်မတို့ သိတယ်။ အဲ တွေ့ရှိရပါတယ်။ ကျွန်မတို့ အနေနဲ့ကတော့ ဒီ ပြဿနာက နိုင်ငံရေး ပြဿနာ ဖြစ်နေတယ်။ တိုင်းရင်းသား ပြဿနာ အဲဒါ နိုင်ငံရေးနဲ့ ဖြေရှင်းလို့ ရတယ်လို့ ကျွန်မတို့ကတော့ တွေ့ဆုံဆွေးနွေးရေး နည်းနဲ့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ အသင့်ပဲ။ ကျွန်မတို့ ဒါကို လိုချင်တယ်။”
လက်ရှိအစိုးရ တပ်တွေဟာ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) အပါအဝင် ဗိုလ်မှူးစောလားပွယ် ဦးဆောင်တဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ( ဒီကေဘီအေ) တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။