ပအိုဝ်းဘုန်းကြီးကျောင်းမီးလောင် ကိုရင် ၂ ပါး ပျံလွန်တော်မူ


2018.11.09
monastery-fire-622.jpg မီးလောင်နေတဲ့ မိုင်းပုတ်ရွာက ဘုန်းကြီးကျောင်းကို ၂၀၁၈ နိုဝင်ဘာလ ၈ ရက်နေ့ကတွေ့ရစဉ်
ဓါတ်ပုံ - ရွာသားတဦး

ပအိုဝ်းတိုင်းရင်းသားတွေအများစုရှိတဲ့ ရှမ်းပြည်နယ် လင်းခေးခရိုင် မိုင်းပန်မြို့နယ် မိုင်းပုတ်ရွာက ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ကိုရင်လေးနှစ်ပါး ပျံလွန်တော်မူခဲ့ရပြီး တခြားသူတွေလည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ မနက်အစောပိုင်း ၁ နာရီခန့်က ဖြစ်ပွားခဲ့တဲ့ အဲဒီဘုန်းကြီးကျောင်းမီးလောင်မှုကို တချို့က ရှို့မီးဆိုပြီး စွပ်စွဲပြောဆိုတာတွေရှိသလို တချို့ကလည်း ဖယောင်းတိုင်မီးကြောင့်လို့ ပြောတာတွေရှိကြောင်း၊ အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း PNLO ဒုတိယ ဥက္ကဌ ခွန်မြင့်ထွန်း က RFA ကို ပြောပါတယ်။

အဲဒီ မိုင်းပန်မြို့နယ် ပန်ပီးဒေသမှာ  အောက်တိုဘာလ ၁၄ ရက်နဲ့ ၁၆ ရက်နေ့က ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/ SSA နဲ့  ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO  တို့  တိုက်ပွဲဖြစ်ခဲ့ပြီး ရွာသား ၂ ဦးလည်း မိုင်းထိ ဒဏ်ရာရခဲ့တာတွေရှိပါတယ်။

RCSS/ SSA ကတော့ အဲဒီဘုန်းကြီးကျောင်းမီးလောင်မှုဟာ သူတို့အဖွဲ့ရဲ့ ရှို့မီးကြောင့်မဟုတ်ဘဲ ဘုရားမီး ပူဇော်ထားတဲ့ ဖယောင်းတိုင်မီးကြောင့် ဖြစ်ခဲ့တာလို့ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

ခွန်မြင့်ထွန်း က NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ကြားက ပဋိပက္ခကြောင့် ရှမ်းနဲ့ ပအိုဝ်းတိုင်းရင်းသား လူမျိုးတွေကြားမှာ အမျိုးသားရေး ပဋိပက္ခထိ မရောက်ရအောင် ထိန်းသိမ်းဆောင်ရွက်နေ တယ်လို့ ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။