မုန်းမြို့ကို စစ်ကြောင်းထိုးလို့ ဒေသခံ ၁၆၀၀ နီးပါး ထွက်ပြေးရ
2023.09.18

ပဲခူးတိုင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ မုန်းမြို့ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် နေအိမ် ၁၂ လုံး မီးရှို့ခံရပြီး အရပ်သား ၁၆၀၀ နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ KNU က စက်တင်ဘာလ ၁၈ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့မှာ စက်တင်ဘာလ ၁၄ ရက်က စလို့ စစ်ကျောင်းထိုးနေတာကြောင့် ရေလဲကရင်ရွာနဲ့ ရေလဲဗမာရွာက လူဦးရေ ၁၅၃၄ ဦး ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဆိုပါတယ်။
မိုးတွင်းကာလ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ဒုက္ခသည်တွေဟာ အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ အခက်အခဲရှိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ KNU တပ်မဟာ ၃ နယ်မြေအတွင်း ထိုးစစ်ဆင်နေပြီး လက်နက်ကြီး နဲ့ လေကြောင်း တိုက်ခိုက်မှုတွေလုပ်တာကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလ ၁၈ ရက် ဒီကနေ့အထိ ပဲခူးတိုင်းမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား လေးဆယ် ဦးသေဆုံးပြီး ၉၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စက်တင်ဘာလ ၈ ရက်နေ့ စာရင်းအရ အာဏာသိမ်းပြီးနောက် ပဲခူးတိုင်း အရှေ့ခြမ်းမှာ ပဋိပက္ခတွေကြောင့် အရပ်သား တစ်သိန်းတစ်သောင်းကျော်( ၁၁၁,၀၀၀) အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။