မိုးညှင်းမှာ တိုက်ပွဲကြောင့် ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရ

RFA Burmese
2024.06.27
မိုးညှင်းမှာ တိုက်ပွဲကြောင့် ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်မွန်းမြို့မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ ဇွန်လ ၂၄ ရက်ကစပြီး ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ရွာငါးရွာက အရပ်သားငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နန့်မွန်းမြို့၊ လုံးတုံ၊ ညောင်ပင်၊ မိုင်းနောင်၊ ချောင်းဝ စတဲ့ ကျေးရွာတွေက အရပ်သားတွေ တိမ်းရှောင်နေကြတာလို့ မိုင်းနောင်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခု အင်းတော်ကြီးတစ်ဝိုက်တော့ အကုန်လုံးထွက်ပြေးနေရတာ။ နန့်မွန်းမြို့၊ လုံတုံး၊ ညောင်ပင်၊ မိုင်းနောင်၊ ချောင်းဝတွေ အကုန်လုံး ရှောင်နေရတယ်။ တောတွေမှာရှောင်နေတယ်။ တချို့က တခြားရွာတွေမှာ ရှောင်နေတယ်”

အင်းတော်ကြီးဒေသ ဝှေလုံ၊ ညောင်ပင်နဲ့ ချောင်းဝ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ ဇွန်လ ၂၄ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေက နန့်မွန်းမြို့ ဘုရားကျောင်းတွေမှာ တပ်စွဲထားပြီး ဇွန်လ ၂၇ ရက်အထိ စစ်ရေးတင်းမာနေတယ်လို့ ပြောပါတယ်။

နန့်မွန်းမြို့ ဒေသခံတစ်ဦးကလည်း ဒုက္ခသည်တွေဟာ အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်ကစလို့ စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် စစ်ဘေးဒုက္ခသည် ငါးသောင်းနီးပါး တိုးလာတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။