တိုက်ပွဲပြင်းထန်နေတဲ့ မိုးမိတ်မြို့မှာ ကလေးငယ်တွေ အပါအဝင် အရပ်သား ခြောက်ဦး ဒဏ်ရာရ

RFA Burmese
2024.01.18
တိုက်ပွဲပြင်းထန်နေတဲ့ မိုးမိတ်မြို့မှာ ကလေးငယ်တွေ အပါအဝင် အရပ်သား ခြောက်ဦး ဒဏ်ရာရ မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အပါအဝင် ကာကွယ်ရေး ပူးပေါင်းတပ်တွေ ဇန်နဝါရီလ ၁၈ ရက် ဒီနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲပြင်းထန်နေပြီး ကလေးငယ်တွေ အပါအဝင် အရပ်သား ခြောက်ဦးထက်မနည်း ဒဏ်ရာရထားတယ်လို့ မိုးမိတ်မြို့ခံတွေက RFA ကိုပြောပါတယ်။

KIA နဲ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေက မိုးမိတ်မြို့ ရဲစခန်း အပါအဝင် မြို့အဝင်က စစ်ကောင်စီ တပ်စခန်းနေရာတွေကို တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းနဲ့ လက်နက်ကြီးကို အသုံးပြုပြီး ပြန်လည်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့တာလို့ မိုးမိတ်ဒေသခံတစ်ဦးက ပြောပါတယ်။

“မနက်အစောကြီးပဲ ရွှေဇာလီရွာ၊ အာသံရွာတို့ကနေ စပြီးဖြစ်လာတာပေါ့နော်။ အဲဒီရွာတွေက မြို့နဲ့ကပ်နေတာဆိုတော့ မြို့ထဲအထိ ရောက်လာတယ်။ ရှစ်နာရီဆို လေယာဉ်က လာပြီးပစ်တာ မြို့ထဲမှာ။ ထိခိုက်တဲ့သူတွေလည်း ရှိတယ်။ အခုနေ့လယ်မှ ခဏငြိမ်တာ”

ဆယ်ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးမိတ်မြို့ မြောက်ပိုင်းရပ်ကွက် သစ်ဆန်းရုပ်ရှင်ရုံမှာ အသက် ၁၀ နှစ်ကနေ ၁၃ နှစ်ဝန်းကျင်အရွယ် ကလေးငယ်လေးဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးက ဒဏ်ရာပြင်းထန်တယ်လို့ သူကဆိုပါတယ်။

မိုးမိတ်မြို့နဲ့ကပ်လျက် ရွှေဇာလီရွာက နေအိမ်တစ်ခုထဲမှာလည်း ဒဏ်ရာရသူနှစ်ဦးရှိနေပြီး အကူအညီတွေ မပေးနိုင်သေးဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ရွှေဇာလီမှာ နှစ်ယောက် ထိထားတာရှိတယ်။ အခုအချိန်ထိ ပစ်နေတုန်းဆိုတော့ ဘာမှမကူနိုင်ကြဘူး။ ဒဏ်ရာပြင်းတယ်လို့ ပြောတယ်။ သေမလား မသိဘူး။ ဈေးထဲမှာလည်း အတော် ပျက်စီးသွားတယ်။ ရွှေဇာလီက အိမ်တစ်လုံး မီးလောင်တယ်။ အာသံရွာမှာလည်း အိမ်တွေထိထားတာ အများကြီးပဲ”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက သတင်း အတိအကျကို မသိရသေးဘူးလို့ RFA ကိုပြောပါတယ်။

“လိုင်းပေါ်က သတင်းတွေလောက်ပဲ သိရသေးတယ်။ တရားဝင်သတင်းတွေ ဝင်လာတာ မရှိသေးတော့ အခြေအနေတွေလည်း အသေးစိတ် မသိရသေးဘူး”

မိုးမိတ်မြို့ဟာ ခရိုင်အဆင့် မြို့တစ်ခုဖြစ်ပြီး စစ်ကောင်စီရဲ့ မိုးမိတ်ဗျူဟာ လက်အောက်မှာ ခမရ (၃၄၈)၊ ခလရ (၂၇၆)၊ ခလရ (၂၂၃) တပ်ရင်းတွေ အခြေစိုက်ပါတယ်။ မြို့ပေါ်ရပ်ကွက် လေးခုရှိပြီး မြို့ပေါ်မှာ လူဦးရေ တစ်သောင်းကျော်နေထိုင်တာပါ။

တိုက်ပွဲကြောင့် မြို့ပေါ်က လူဦးရေ သုံးပုံနှစ်ပုံလောက်က ဘေးလွတ်ရာကျေးရွာတွေကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။