မိုးမိတ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှစ်ခု အပါအဝင် အရပ်သား ၂၇ ဦး သေဆုံးခဲ့

RFA Burmese
2024.02.28
မိုးမိတ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှစ်ခု အပါအဝင် အရပ်သား ၂၇ ဦး သေဆုံးခဲ့ မိုးမိတ်မြို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်အဆောက်အအုံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းက တွေ့ရစဥ်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ တစ်လကျော်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှစ်ခု အပါအဝင် လက်နက်ကြီးနဲ့ လေကြောင်းကြောင့် အရပ်သား ၂၇ ဦး သေဆုံးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ဖေဖော်ဝါရီလ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်က ရွှေဇာလီရွာမှာ အသက် ၂၀ ကနေ ၅၀ အရွယ်အကြား အမျိုးသားငါးဦးကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သလို ဖေဖော်ဝါရီလ ၁၃ ရက်ကလည်း ကြည်တော်စုရွာမှာ အမျိုးသားငါးဦးနဲ့ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူတွေဟာ ဒေသခံတွေဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့လည်း ဆက်စပ်မှုမရှိဘူးလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ ပြောခွင့်ရသူ ယိင်းလျန်းဟန်က RFA ကို ပြောပါတယ်။

“သူတို့က အရပ်သားတွေပါ။ ဘယ်အဖွဲ့နဲ့မှ ဆက်စပ်မှုမရှိပါဘူး။ ရွာသားတွေက အိမ်ပြန်ပြီး ပစ္စည်းယူတာ။ အိမ်မှာ လူစောင့်အဖြစ် ကျန်ခဲ့သူတွေ အသတ်ခံလိုက်ရတာ”

မိုးမိတ်မြို့နယ်အတွင်း ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှစ်ခု အပါအဝင် အရပ်သား ၂၇ ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ တပ်မ (၉၉) လက်အောက်ခံတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲတွေကြောင့် နေအိမ် ၁၅၀ ကျော် မီးလောင်ပျက်စီးခဲ့သလို မိုးမိတ်ဒေသခံ ခြောက်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အခုအချိန်အထိ နေရပ်မပြန်နိုင်သေးဘူးလို့ ဆိုပါတယ်။

မိုးမိတ်မြို့နယ်မှာ ဇန်နဝါရီလ ပထမအပတ်အတွင်းမှာတင် KIA၊ ABSDF နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။