မိုးဗြဲမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

RFA Burmese
2024.04.09
မိုးဗြဲမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်တချို့အား ၂၀၂၁ ခုနှစ်၊ အောက်တို ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာ နောက်ဆုံးကျန်တဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်နီ ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာ အချိန်တစ်ပတ်ခန့် ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကရင်နီပူးပေါင်းတပ်တွေက မိုးဗြဲတစ်မြို့လုံးနီးပါးကို ထိန်းချုပ်ထားပြီး နောက်ဆုံးကျန်ရှိနေတဲ့ ခမရ-၄၂၂ တပ်ရင်းကို တိုက်ခိုက်နေတာလို့ တိုက်ပွဲအခြေအနေကိုသိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မိုးဗြဲ စစ်တပ်နားမှာပဲ ဖြစ်နေတာ။ မြို့ခံတွေက ရှောင်နေကြတာကြာပြီ။ စစ်တပ်ကို ဝိုင်းတိုက်နေတဲ့ ပုံစံဖြစ်နေတာအခုက”

ကရင်နီ အမျိုးသားများကာကွယ်ရေး တပ်မတော် KNDF ကတော့ မိုးဗြဲမြို့နဲ့ ကယားပြည်နယ် ဖားဆောင်းမြို့က တပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်နိုင်ရေး တပြိုင်နက်တည်း ထိုးစစ်ဆင်နေတယ်လို့ KNDF ရဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

“မိုးဗြဲမှာဆိုရင်တော့ ကျွန်တော်တို့ မိုးဗြဲအခြေစိုက် စစ်ကောင်စီရဲ့ ၄၂၂ တပ်ကို တိုက်ခိုက်နေရတုန်းပဲ၊ စစ်ဆင်ရေးတွေ လုပ်နေတုန်းပဲဗျ။ မပြီးပြတ်သေးဘူးဗျ”

တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကယားပြည်နယ်နဲ့ ရှမ်း-ကယားနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးအတွင်း မြို့ခုနစ်မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ ကရင်နီ ပူးပေါင်းတပ်တွေက မတ်လ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။