မိုးကောင်းမြို့ လေးမိုင်ကျောင်းထိုင်ဆရာတော် ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် လေးမိုင်ရွာမှာရှိတဲ့ သဒ္ဓမ္မပါလ လေးမိုင်ဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဦးသီလာနန္ဒကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အောက်တိုဘာလ ၁၆ ရက်နေ့မှာ သေနတ်နဲ့ ဝင်ပစ်တဲ့အတွက် ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူဆယ်ဦးလောက် ကျောင်းဝင်းထဲအထိ ကားနဲ့မောင်းဝင်လာပြီး ဆရာတော်ကို သေနတ်နဲ့ ငါးချက် ပစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုးကောင်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ည ၇ နာရီဆိုတော့ မှောင်နေပြီလေ။ ဘယ်သူဘယ်ဝါဆိုတာ သဲသဲကွဲကွဲ မမြင်ရဘူး။ ဆရာတော်နဲ့ လေးမိုင် အုပ်ချုပ်ရေးမှူးတွေ စကားပြောနေတုန်း လာပစ်သွားတာ။ ပစ်ခတ်သံလည်း မကြားလိုက်ရဘူး။ ပစ်ခတ်ခံရတဲ့ နေရာမှာ ပွဲချင်းပြီး ပျံလွန်တော်မူသွားတယ်"
ပစ်ခတ်မှုကြောင့် ဆရာတော် ဦးသီလာနန္ဒရဲ့ ပုခုံး၊ လက်မောင်းနဲ့ ရင်ဘတ်တွေမှာ ဒဏ်ရာရခဲ့ပြီး ဆေးရုံပို့ဖို့ စီစဉ်နေချိန်မှာပဲ ပျံလွန်တော်မူသွားတာလို့ ဆိုပါတယ်။
ဆရာတော်ကို ဘယ်အဖွဲ့အစည်းက ဘာကြောင့် ပစ်သတ်သွားသလဲ ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။
ဖြစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း မိုးကောင်းမြို့ကနေ လေးမိုင်ရွာကို သွားတဲ့လမ်းမတစ်လျှောက်မှာ လမ်းသွားလမ်းလာ တချို့ကို ဒီနေ့မနက်ပိုင်းအထိ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရပ်တန့်စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကလည်း စစ်ကောင်စီ သတင်းပေးလို့ စွပ်စွဲခံရတဲ့ မိုးကောင်းမြို့နယ်၊ ဈေးကုန်းရပ်ကွက် ရာအိမ်မှူး ဦးစိုးကို အမည်မသိလက်နက်ကိုင် အဖွဲ့က ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။