ရှစ်လေးလုံး နှစ်ပတ်လည် မတိုင်ခင် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးဖို့ တကိုယ်တော် ဆန္ဒပြ
2013.08.03

အကျဉ်းထောင်တွေထဲမှာ ကျန်သေးတဲ့ နိုင်ငံရေး အကျဉ်းသား ၁ဝဝ ကျော်ကို ရှစ်လေးလုံး ၂၅ နှစ်ပြည့် မတိုင်မီ အားလုံး ပြန်လွှတ်ပေးဖို့ မြောက်ဒဂုံမြို့နယ်၊ သီရိအောင်မြေကျောင်းတိုက် ဆရာတော် ဦးရက္ခဝံသ က ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့ မှာ ဒီကနေ့ တကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
ဆရာတော် ဦးရက္ခဝံသဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့ ဒီမိုကရေစီအရေးမှာ လူဘဝနဲ့ ပါဝင်ခဲ့တာကြောင့် အဖမ်းခံခဲ့ရပြီး သေဒဏ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ ဒီနေ့အချိန်ဟာ အားလုံးညီညွှတ်ရေး ကာလရောက်နေပြီဖြစ်တာကြောင့် နိုင်ငံရေး အကျဉ်းသားတွေ မရှိသင့်တော့ဘူးလို့ ဆရာတော် ရက္ခဝံသက မိန့်ပါတယ်။
ဆရာတော် မြို့တော်ခန်းမရှေ့မှာ အစာငတ်ခံ ဆန္ဒပြနေစဉ်မှာ ပန်းပဲတန်းမြို့နယ် ၊ မဟာသိမ်တော်ကြီးကျောင်းတိုက်က တိုင်းသံဃာ့ နာယက ဆရာတော်ကခေါ်ယူပြီး ဆန္ဒပြတာ ဆက်မလုပ်ဖို့အတွက် သြဝါဒမိန့်ကြားခဲ့ကြောင်း သိရပါတယ်။
ဆရာတော် ရက္ခဝံသဟာ ၁၉၉၇ ခုနှစ်မှာ သာယာဝတီထောင်ကနေ အစိုးရလွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပြီး သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်း မှာ ပါဝင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံမှာ သွားရောက်နေထိုင်ခဲ့ပြီး ၂ဝ၁၁ ခုနှစ်မှာ အစိုးရက ပြည်ဝင်ခွင့်ပေးခဲ့ တာကြောင့် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။