တရားစွဲခံထားရတဲ့ ဦးပါမောက္ခ ရဲ့ရှေ့နေ လျှောက်လဲချက်တင်
2017.05.23

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ရာမှာပါဝင်ခဲ့တဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်ယူပြီးမှသာ တရားစွဲဖို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ လျှောက်လဲချက်တင်လိုက်ပါတယ်။
သံဃာ့အဖွဲ့အစည်းတစ်ခုခုရဲ့ ခွင့်ပြုချက်ယူပြီးမှသာ ဆက်လက်လုပ်ဆောင်ဖို့ ရန်ကုန်တရားလွှတ်တော်ရုံး မှာ လျှောက်လဲချက်တင်လိုက်တာလို့ ဆရာတော်ဦးပါမောက္ခ အတွက် ရှေ့နေလိုက်ပေးနေတဲ့ တရား လွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။
"သူက သံဃာတော်တစ်ပါးဖြစ်တယ်၊ သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်ကို ယူစေချင်တယ်၊ ပထမဦးဆုံး ဓမ္မစက်ကို အရင်သုံးရမယ်၊ အခုက ဓမ္မစက်ကိုကျော်ပြီး အာဏာစက်ကို တန်းချလိုက်တာ၊ အမှုအကြောင်းအရာပိုင်းကို ကျွန်တော်တို့က သွားတာမဟုတ်ဘူး၊ အများအမြင် တရားခွင်မှာ သင်္ကန်းကြီးတကားကားနဲ့ မသင့်လျော်ဘူးဗျ"
အမေရိကန်သံရုံးက ရိုဟင်ဂျာနာမည် သုံးစွဲတာနဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ အမျိုးသားရေး လှုပ်ရှားသူ ၄ ဦးနဲ့ ဦးပါမောက္ခ အပါအဝင် သံဃာတော် ၃ ပါးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ကမာရွတ်မြို့နယ် တရားရုံးမှာ တရားစွဲဆိုထားတာပါ။
လက်ရှိမှာ ဖမ်းဆီးခံထားရတဲ့ ဦးဝင်းကိုကိုလတ်၊ ဦးနိုင်ဝင်းထွန်း၊ ဦးသက်မျိုးဦးနဲ့ ကိုနေဝင်းအောင် တို့ ကို မေလ ၂၂ ရက်နေ့ မနေ့က ကမာရွတ်မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
ဒါပေမဲ့ အမှုတွဲဖြစ်တဲ့ ဆရာတော် ဦးပါမောက္ခ အပါအဝင် သံဃာတော် ၃ ပါးက တရားရုံးကို မလာရောက် တာကြောင့် အမှုကို ဆက်လက်မစစ်ဆေးဘဲ လာမယ့် ဇွန်လ ၁ ရက်နေ့ကို နောက်ထပ်ရုံးချိန်းအဖြစ် ချိန်းဆို လိုက်ပါတယ်။