ဝင်းနိမ္မိတာရုံကျောင်းဆရာတော် အသတ်ခံရမှု စစ်ကိုင်းတိုင်းက သံဃာတချို့ သပိတ်မှောက်
2024.06.24

ပဲခူးတိုင်း၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကို စစ်ကောင်စီက ပစ်သတ်ခဲ့တာကို စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က သံဃာတော်တွေ ဇွန်လ ၂၄ ရက်နေ့က ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ခဲ့တယ်လို့ ပါဝင်ခဲ့တဲ့ သံဃာတော်တွေက မိန့်ကြားပါတယ်။
စစ်ကောင်စီရဲ့ ရက်စက်ကျူးလွန်နေတာတွေကို ပြည်သူလူထုနဲ့အတူ ဆန့်ကျင်ဆန္ဒပြဖို့အတွက် ကံဆောင်သပိတ်မှောက်တာလို့ ဒီပဲယင်းသပိတ်လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်တဲ့ သံဃာတော်တစ်ပါးက မိန့်ပါတယ်။
“ဒီအကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူလူထုတွေအပေါ်မှာ မြောက်များစွာသော စစ်ရာဇာဝတ်မှုတွေကျူးလွန်ပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ ဖြေရှင်းဆောင်ရွက်တာမျိုး မရှိဘူးပေါ့။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပျံလွန်တော်မူသွားတဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခံရတဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီး ကိစ္စဆိုရင်လည်းပဲ စစ်ခေါင်းဆောင်တွေကိုယ်တိုင် လူထုကျေနပ်အောင် သံဃာထုကျေနပ်အောင် တာဝန်ယူမှုရှိရှိနဲ့ ဖြေရှင်းစေချင်တယ်ပေါ့။ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ စစ်ကောင်စီကို အမြင့်ဆုံးဒဏ်ခတ်တဲ့အနေနဲ့ ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီးတော့ သပိတ်မှောက်တာ ဖြစ်ပါတယ်”
ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို ဒီပဲယင်းမြို့နယ်က ဘုန်းတော်ကြီးကျောင်း သုံးဆယ်က သံဃာအပါး သုံးဆယ်ကျော် ပါဝင်လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။
ဇွန်လ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က သံဃာတော်တွေ စတင်ပြီး ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို ဆောင်ရွက်ခဲ့ကြတာပါ။
စစ်ကောင်စီကျူးလွန်နေတဲ့ ပြစ်မှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပ သံဃာတော်တွေ ပူးပေါင်းပါဝင်ကြဖို့ သပိတ်ဦးဆောင်တဲ့ သံဃာတော်တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။
စစ်ကိုင်းတိုင်းက သံဃာတွေ စစ်ကောင်စီကို သပိတ်မှောက်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူခဲ့တာကို စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အလေးအနက်တောင်းပန်ကြောင်း ရေးသားထားတဲ့စာကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးတင်ဦးလွင်က ဆရာတော် ဈာပနကို ဦးစီးဆောင်ရွက်နေတဲ့ သံဃာတော်ကြီးတွေဆီ ဇွန်လ ၂၄ ရက်နေ့မှာ လျှောက်ထားခဲ့ပါတယ်။