ဆရာတော်ဦးသောဘိတ ကို စွဲချက်တင်ဖို့ အမရပူရတရားရုံး အမိန့်ချ

2020.08.27
thawbitha-622.jpg ဆရာတော် ဦးသောဘိတ(အလင်္ကာကြယ်) ကို ၂၀၂၀ သြဂုတ် ၂၇ ရက်နေ့က အမရပူရမြို့နယ် တရားရုံးမှာ တွေ့ရစဉ်
Photo: Khaymani Win/RFA

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ စွဲဆိုခံထားရတဲ့ မန္တလေးက ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို စွဲချက်တင်ဖို့ အမရပူရမြို့နယ် တရားရုံးက ဒီကနေ့ သြဂုတ် ၂၇ ရက်နေ့မှာ ခွင့်ပြုလိုက်ပါတယ်။

စွဲချက်တင်ခံရနိုင်တဲ့ အကြောင်းရင်းရှိသလို အခွင့်အရေးလည်းရှိတယ်လို့ ဆရာတော်ရဲ့ရှေ့နေဖြစ်တဲ့ တရား လွတ်တော်ရှေ့နေ ဦးအောင်သိန်း က ပြောပါတယ်။
 
“စွဲချက်တင်တာနဲ့ ပတ်သက်ပြီး ကျေနပ်မှု မရှိဘူး၊ မလုံလောက်ဘူးဆိုရင် အထက်ရုံးတက်ရုံပဲရှိတယ်။ ဒါက ဥပဒေပိုင်းဆိုင်ရာ အခွင့်အရေးပေါ့။ စွဲချက်အပေါ်မှာ ဖြေရှင်းမယ်ဆိုရင်လည်း အောက်ခြေမှာ ပြန်ခေါ် သက်သေ ခေါပြီး ဖြေရှင်းတာပေါ့၊ စွဲချက်ကို လွှတ်တယ်ဆိုတဲ့ အလေ့အကျင့်က အင်မတန် နည်းပါတယ်။ စွဲတဲ့သူရဲ့ ပါဝါတစ်ခုလည်း ရှိတာပေါ့၊ စစ်တပ်ကပေါ့။ နောက်တစ်ခုက စွဲတင်ခဲ့တဲ့ အထောက်အထားက တရားရုံးမှာ သက်သေခံအဖြစ် တင်သွင်းထားတာ ရှိတယ်။ ဒါကိုဖြေရှင်းဖို့အတွက် ဆရာတော်ကို စွဲချက်တင်တယ်လို့ မြင်တယ်”
 
ဒီကနေ့ရုံးချိန်းကိုတော့ တရားလိုဖြစ်တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှုးကြီး မျိုးခိုင်ဝင်း လာရောက်ခြင်း မရှိခဲ့ပါဘူး။
 
လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဆရာတော်ရဲ့ရေးသားချက်တွေက တပ်မတော်သားတွေနဲ့ တပ်မတော်အပေါ် ဂုဏ်သိက္ခာကျစေတယ်ဆိုပြီး စွဲဆိုထားတာပါ။
 
အမှုကို လာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့မှာ ဆက်လက်စစ်ဆေးဖို့ ချိန်းဆိုထားပါတယ်။
 
ဆရာတော်ဟာ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှုကိုလည်း ရင်ဆိုင်ခဲ့ရပြီး အမှုမမြောက်လို့ ၂၀၁၉ ခုနှစ်မှာ အမရပူရတရားရုံးက ပလပ်ခဲ့ဖူးပါတယ်။
 
မြဝတီဆရာတော် အရှင်အရိယဝံသာဘိဝံသနဲ့ ဆရာတော် ဦးစိန္တိတ တို့ကိုလည်း တပ်မတော်က ရာဇသတ်ကြီးပုဒ်မ ၅၀၀ (အသရေဖျက်မှု) နဲ့ ၆၆ (ဃ) ဆက်သွယ်ရေးဥပဒေတို့နဲ့ စွဲဆိုထားတာကြောင့် မန္တလေးမြို့၊ ပြည် ကြီးတံခွန်မြို့နယ် တရားရုံးမှာ တရားရင်ဆိုင်နေကြရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။