ပလက်ဝက တိုက်ပွဲရှောင်ဘုန်းကြီးတွေ နေရပ်ပြန်ကြွဖို့ ခက်ခဲနေ


2020.07.28

ချင်းပြည်နယ် ပလက်ဝမြို့နယ် ကျေးရွာတွေက ဘုန်းကြီးကျောင်းတွေမှာ တပ်မတော်က တပ်စခန်းချထားတာ၊ ကျောင်းပစ္စည်းတွေ ပျက်စီးနေတာကြောင့်  သံဃာအပါး ၅၀ နီးပါးဟာ ရွာပြန်ဖို့ အခက်ခဲဖြစ်နေပါတယ်။

တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ချင်းပြည်နယ် ပလက်ဝမြို့ ကျေးရွာ တွေထဲက ဘုန်းကြီးကျောင်းတွေမှာ တပ်မတော်က တပ်စွဲထားတယ်လို့ ဆရာတော်နဲ့ ဒေသခံတွေက ပြော ပါတယ်။

တိုက်ပွဲတွေကြောင့် ကျောက်တော်ဘက်ကို ထွက်ပြေးပြီး ပြီးခဲ့တဲ့တစ်လလောက်က ရွာကို ပြန်ရောက်လာတဲ့ ပလက်ဝမြို့ အောင်စေတီ ဓမ္မရိပ်သာကျောင်းက ဆရာတော် ဦးကုလဝံသက ကျောင်းကိုရောက်တဲ့အချိန်မှာ အဖျက်ဆီးခံထားရတာတွေ တွေ့ရတယ်လို့ မိန့်ပါတယ်။

ပလက်ဝမြို့ဝန်းကျင် ကျေးရွာ ၃၀ လောက်က သံဃာအပါး ၅၀ ဝန်းကျင်ဟာ ဒီနှစ်ကိုယ့်ဒေသ၊ ကိုယ့်ကျောင်းမှာ ဝါဆိုဖို့ အခက်ခဲဖြစ်နေကြတာပါ။ အခုလို တိုက်ပွဲကြောင့် ထွက်ပြေးရပြီး တခြားနေရာမှာ ဝါဆိုရတာထက် ကိုယ့်ဒေသ၊ ကိုယ့်ကျောင်းမှာ ဝါဆိုချင်ကြတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

ဗုဒ္ဓဘာသာ ကိုးကွယ်မှုအရ ဝါဆိုတယ်ဆိုတာဟာ ရဟန်းတော်တွေက ဝိနည်းအတိုင်း ဝါတွင်းကာလ သုံးလ ပတ်လုံး တခြားဒေသကို မကြွဘဲ တစ်ကျောင်းတစ်နေရာတည်းမှာသာ သတင်းသုံး နေထိုင်ပါမယ်လို့ အဓိဋ္ဌာန်ပြုကြရတာပါ။

တပ်မတော်က ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတာ၊ ပလက်ဝနဲ့ ကျောက်တော်မြို့ကို သွားလာတဲ့ ကုန်းလမ်းရေလမ်းတွေကို ပိတ်ထားတာကြောင့် ပြန်လာလို့ မရကြပါဘူး။

ပလက်ဝမြို့နယ်ထဲမှာ ၂၀၂၀ နှစ်ဆန်းပိုင်းက တိုက်ပွဲတွေပြင်းထန်ပြီးနောက်ပိုင်း ဒေသခံတွေနဲ့ ဆရာတော် တချို့က မတ်၊ ဧပြီနဲ့ မေလတို့မှာ ပိုမိုလုံခြုံမယ်လို့ ယူဆရတဲ့နေရာတွေကို ထွက်ပြေးခဲ့ကြရတာပါ။

ဒေသခံအများစုက ပလက်ဝမြို့ပေါ်နဲ့ ကျောက်တော်မြို့က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရပြီး ဆရာတော်တချို့ကတော့ မြောက်ဦး၊ မန္တလေး၊ ရန်ကုန်လိုမြို့တွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ စစ်ဘေးဒုက္ခသည်အဖြစ် ခိုလှုံနေတဲ့ ပလက်ဝမြို့နယ်  စိမ်းစင်းကျေး ရွာဒေသခံ ဦးကျော်ညွှန့်က သူတို့ရွာက ဆရာတော်ကတော့ ရန်ကုန်မှာ ပြောင်းနေရတယ်လို့ ပြောပါတယ်။

ပလက်ဝမြို့နဲ့ ကျေးရွာတချို့မှာ ထွက်မပြေးဘဲ ကျန်နေတဲ့ ဆရာတော်တချို့လည်း ဆွမ်းအတွက် ခက်ခဲနေကြတယ်လို့လည်း ဒေသခံနဲ့ ဆရာတော်က ပြောပါတယ်။

ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေဟာလည်း စားနပ်ရိက္ခာ အခက်ခဲနဲ့ ရင်ဆိုင်နေရပါတယ်။

ဒေသခံအများစု စားနပ်ရိက္ခာ အခက်ခဲကြုံရတာကြောင့် သံဃာတွေကို ဆွမ်းပုံမှန်လောင်းဖို့ အဆင်မပြေဘူးလို့ ပလက်ဝမြို့နယ် စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ စိမ်းစင်းကျေးရွာက ဦးစိုးဝေထွန်းက ပြောပါတယ်။

တပ်မတော်က ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားပြီး ကျောင်းပစ္စည်းတွေကို ဖျက်ဆီးတယ်ဆိုတဲ့ သတင်း အချက်လက်နဲ့ ပတ်သက်ပြီး သူမသိသေးတာကြောင့် ဒေသခံတွေကို ဆက်သွယ်မေးမြန်းမယ်လို့ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ချင်းပြည်နယ် ပလက်ဝကြားက သွားလာရမယ့် ကုန်းလမ်း ရေလမ်းခရီးတွေ ပြန်ဖွင့်ပေးမယ့်ကိစ္စနဲ့ တပ်မတော်က ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲတယ်၊ ပစ္စည်းတွေ ဖျက်ဆီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဒီနေ့ညနေ ၄ နာရီအထိ အဆက်အသွယ်မရခဲ့ပါဘူး။

တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမှာ စစ်ဘေး ဒုက္ခသည် နှစ်သိန်းနီးပါးရှိနေပြီလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး REC က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။