ရန်ကုန်မြို့ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့မှာ သံဃာအပါး ၁ ရာကျော် ဆန္ဒပြ
2012.10.05
ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့က အောင်မြေဗောဓိ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးမဏိသာရက အခုလို တောင်းဆိုခဲ့ပါတယ်။
“ကမ္ဘာမှာနေပြီးတော့ လူသားတိုင်း၊ လူသားတိုင်းဟာ ငြိမ်းချမ်းဖို့ပဲ လိုချင်တာပါ။ ယနေ့ ပြည့်မှီတဲ့ ဗုဒ္ဓဘာသာဝင်တွေကို အကြမ်းဖက်ခြင်း ခံရတယ်၊ ဗုဒ္ဓသာဘာ ကျောင်းကန်ဘုရားတွေ မီးရှို့ခြင်း ခံရတယ်ဆိုတာ ဘယ်လူမျိုး ဘယ်ဘာသာကမှ လက်ခံမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ အခုလို အကြမ်းဖက်နေတာကို ဘင်္ဂလားဒေ့ရှ် အစိုးရက အမြန်ဆုံး ကာကွယ်ပေးပြီးတော့ ဗုဒ္ဓဘာသာဝင် ကျောင်းများ၊ ဗုဒ္ဓဘာသာဝင်များကို အမြန်ဆုံး ကာကွယ် စောင့်ရှောက်ပါလို့ တောင်းဆိုပါတယ်။ ဦးဇင်းတို့ ကိုယ်တိုင်က မောင်တောမှာ နေပြီးတော့ အကြမ်းဖက်တာတွေကို ကိုယ်တိုင် ခံစားခဲ့ရသည့် အတွက်ကြောင့် ယနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ ဦးဇင်းတို့ နိုင်ငံနဲ့ ကပ်နေတဲ့ နယ်စပ်မှာ ဖြစ်နေတဲ့ ပြဿနာကို ဦးဇင်းတို့က ကိုယ်တိုင် သိရသည့်အတွက်ကြောင့် ရန်ကုန်လာပြီး တကူးတက ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့မှာ ဆန္ဒပြရခြင်း ဖြစ်ပါတယ်”
ဆန္ဒပြ သံဃာတော်တွေနဲ့ အတူ ရခိုင်တိုင်းရင်းသားတွေ အပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံ ၁ ရာနီးပါးကလည်း ဒီကနေ့ ဆန္ဒပြပွဲမှာ ပါဝင် တောင်းဆိုခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲမှာ ဆန္ဒပြ သံဃာတော်တွေက ဗုဒ္ဓဘာသာကို စော်ကားခြင်းမှ ရပ်တန့်ရေး၊ ဘာသာရေး လွတ်လပ်မှုကို လေးစားရေး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ အပြစ်မဲ့ ဘာသာဝင်များအား သတ်ဖြတ်ခြင်းမှ ရပ်တန့်ရေး၊ မြန်မာနိုင်ငံမှာ OIC ရုံး ဆောက်လုပ်မှာကို လက်မခံရေး… စတဲ့ အချက် ၉ ချက် ပါဝင်တဲ့ ထုတ်ပြန်ချက်တွေကို သံရုံးရှေ့မှာ ဖတ်ကြားခဲ့ပါတယ်။