အကျဉ်းကျ ရွှေဝါရောင်သံဃာတော်များ ကိုယ်စိတ်နှစ်ပါး ညှဉ်းဆဲခံနေကြရ
2011.03.01

သူဟာ သံဃာ့လှုပ်ရှားမှုကြောင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံထားရတာပါ။ ထောင်ချမခံရခင်က မန္တလေးမြို့မှာ သီတင်းသုံးသူ ဖြစ်ပြီး မိသားစုကလည်း အထက်အညာကပဲ ဖြစ်တဲ့အတွက် ၄ လမှ တခါလောက် မိသားစုက သွားတွေ့နိုင်တယ်လို့ သိရပါတယ်။ ဒီလိုမိသားစုဝင်တွေ၊ ဒကာ ဒကာမတွေနဲ့ ဝေးတဲ့ ဒေသကို ပို့ထားတဲ့အတွက် အစားအသောက် ဆေးဝါးချို့တဲ့ပြီး အခုလို ခံစားနေရတာလို့ ဦးသုမနကို ကူညီနေသူတွေက ပြောပါတယ်။
ဒါ့အပြင် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြောင့် ထောင်ချခံထားရတဲ့ ဦးပညာသီဟနဲ့ ဦးဣဿရိယ အပါအဝင် ကိုယ်တော် ၃ ပါးလည်း မွန်ပြည်နယ် မုပ္ပလင် ရာဘာခြံ ရဲဘက်စခန်းမှာ အလုပ်ကြမ်း လုပ်နေကြရပါတယ်။
အဲဒီထဲမှာ သက်တော် ၅၄ နှစ်အရွယ် ဦးပညာသီဟဟာ အလုပ်ကြမ်း လုပ်ရပြီး ပင်ပန်းလွန်းတဲ့အတွက် ကျန်းမာရေး ထိခိုက်နေတယ်လို့ သိရှိရပါတယ်။ အကျဉ်းကျ ရွှေဝါရောင် ဆရာတော်တွေဟာ မုပ္ပလင်ရဲဘက်စခန်းမှာ မနက် ၂ နာရီကတည်းက အိပ်ယာထပြီး အလုပ်လုပ်ရသလို၊ ရာဘာစေးခြစ်ရလို့ အဝတ်အစားတွေလည်း မကြာခဏ ပျက်စီးတယ်လို့ သိရပါတယ်။ ဒါကြောင့် အစားအသောက်၊ အဝတ်အစားချို့တဲ့ပြီး ဆေးဝါးအာဟာရလည်း ပြတ်လတ်တယ်လို့ ဆိုပါတယ်။
အင်းစိန်ထောင်မှာတော့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြောင့် ထောင်ချခံထားရတဲ့ သံဃာတော် အပါး ၂၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။