တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်း ထုတ်ပြန်
2014.12.04
မျိုးစောင့်ဥပဒေ ၄ ခုထဲက တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြလိုက်ပါတယ်။
အဲ့ဒီဥပဒေဟာ မြန်မာနိုင်ငံမှာနေထိုင်သူအားလုံးအပြင် ယာယီနေထိုင်သူတွေနဲ့လည်း အကျုံးဝင်တယ်လို့ ပါရှိပါတယ်။
ဥပဒေမှာ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ တစ်လင်တစ်မယားစနစ်နဲ့သာ လက်ထပ်ထိမ်းမြားရမှာဖြစ်ပြီး တခြားသူတစ်ဦးနဲ့ ထပ်မံထိမ်းမြားခြင်း၊ တရားမဝင်နေထိုင်ခြင်း မပြုလုပ်ရလို့ ဖော်ပြထားပါတယ်။
ထပ်မံထိမ်းမြားမယ်ဆိုရင် အရင်အိမ်ထောင်နဲ့တရားဝင်ကွာရှင်းပြတ်စဲပြီးဖြစ်ကြောင်း အထောက်အထားတင်ပြ နိုင်ဖို့ လိုအပ်တယ်လို့လည်း သိရပါတယ်။
ဥပဒေပါပြဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်သူဟာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၅ နဲ့ ငြိစွန်းပြီး ထောင်ဒဏ် ၇ နှစ်ကနေ ၁၀နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။
ဒီဥပဒေ မပြဌာန်းခင်က တစ်လင်တစ်မယားထက်ပိုတဲ့ ထိမ်းမြားမှုတွေဟာ ဥပဒေအတည်ပြုတဲ့အခါ အကျုံးမဝင်ဘူးလို့ ဖော်ပြထားပါတယ်။