မုံရွာမှာ ဖမ်းဆီးခံရတဲ့ အရပ်သား လေးဆယ်ခန့် ပြန်မလွတ်သေး
2024.08.22
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ဩဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်းက အရပ်သား လေးဆယ်နီးပါးကို စစ်ကောင်စီတပ်တွေ ဖမ်းဆီးသွားပြီး ဩဂုတ်လ ၂၂ ရက်နေ့ ဒီကနေ့အထိ ပြန်မလွှတ်သေးဘူးလို့ မုံရွာမြို့ခံတွေက RFA ကို ပြောပါတယ်။
ဩဂုတ်လ ၁၈ ရက်နေ့က မုံရွာတောင်ရပ်ကွက် ကမ်းနားလမ်းက ဦးဇော်ညွန့်ပိုင် ရဲ့ သဲရောင်းဝယ်ရေးလုပ်ငန်းမှာ လက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးနှစ်ဦးအပါအဝင် ငါးဦး သေဆုံးခဲ့ပါတယ်။
အဲဒီညမှာပဲ ရွှေကုန်းရပ်ကွက်နဲ့ မုံရွာတောင်ရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံတွေ ဖမ်းဆီးခံရပြီး မိသားစုတွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲမှာ အသက် ၂၀ အရွယ်ကနေ ၄၀ ကျော်အထိ အမျိုးသမီး၊ အမျိုးသား အရွယ်စုံပါဝင်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံရွာမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဖမ်းသွားတဲ့သူတွေကို မုံရွာရဲစခန်းမှာ အဖမ်းခံထားရတာကလွဲလို့ ကျန်တာ အခုထိ စုံစမ်းလို့ မရသေးပါဘူး။ အများစုက အမျိုးသမီးတွေ ဖြစ်ပါတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာလဲ မသိရဘူးပေါ့"
ဖမ်းဆီးခံထားရသူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကို RFA အနေနဲ့ သီးခြားအတည်ပြု စုံစမ်းနေဆဲ ဖြစ်ပါတယ်။
မုံရွာတောင်ရပ်ကွက် ကမ်းနားလမ်းက ဦးဇော်ညွန့်ပိုင်ရဲ့ သဲရောင်းဝယ်လုပ်ငန်းမှာ သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်သွားသူတွေ ဟာ ဘယ်သူလဲဆိုတာ အခုထိမသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၂၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း လူနှစ်သောင်းကျော် (၂၇,၂၂၆ ဦး) ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ကိုးထောင်ကျော် (၉,၃၄၁ ဦး) က ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။