မုံရွာလမ်းတိုးချဲ့ရေး စစ်ကိုင်းအစိုးရ ပြန်သုံးသပ်


2016.07.13
monya-road-620.jpg မုံရွာ-သာစည်-နောင်ကြီးအိုင်လမ်း တစ်နေရာကို တွေ့ရစဉ်
Photo: Kyaw Linn Facebook

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်နဲ့ အရာတော်မြို့နယ်ကို ဖောက်လုပ်ထားတဲ့ မုံရွာ - နောင်ကြီးအိုင်လမ်း တိုးချဲ့ဖောက်လုပ်ရာမှာ လမ်းဘေးကသစ်ပင်တွေကို ခုတ်ရမယ့်အတွက် လမ်းဖောက်လုပ်သင့် မဖောက်လုပ်သင့် ကို ပြန်စဉ်းစားမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောပါတယ်။

သစ်ပင်တွေခုတ်ခံရမှာနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ သဘောဆန္ဒအရ ပြန်သုံးသပ်သွားမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဦးဇင်မောင် က ပြောပါတယ်။

"အခုအချိန်ထိတော့ ဘယ်တော့လောက်ဖောက်မယ်ဆိုတာကို လမ်းဦးစီးရေးဌာနတွေ ကျနေ်ာတို့ဆီကို တင်ထားတာမရှိသေးပါဘူး၊ ဒေသခံတွေရဲ့ သဘောဆန္ဒအပေါ်မူတည်ပြီးတော့ ဒီလမ်း ဖောက်လုပ်သင့် မဖောက်လုပ်သင့် ဆိုတာကို ပြန်လည်စဉ်းစားသုံးသပ်ဖို့ လိုပါလိမ့်မယ်ဗျ၊ ဒီလမ်းဖောက်လုပ်သင့် မသင့်ကို တိုင်းဒေသကြီး အစိုးရအနေနဲ့ ဘာမှမဆုံးဖြတ်ရသေးပါဘူး"

စစ်ကိုင်းတိုင်းဒေသကြီး မြို့ပြလမ်းဦးစီးဌာနက မုံရွာ - နောင်ကြီးအိုင်လမ်းပိုင်း ဖောက်တဲ့အခါ သစ်ပင်တွေခုတ်လှဲပြီး လမ်းပိုင်းတိုးချဲ့မယ့်ကိစ္စကို ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က မုံရွာမြို့ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းဦးစီးဌာနရုံးမှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလမ်းဖောက်ဖို့အတွက် နှစ်ပေါင်းသက်တမ်းရာကျော်ရှိနေတဲ့ သစ်ပင်ပေါင်း ၂၀၀ ကျော်ကို ခုတ်လှဲမှာ ကို ဒေသခံတွေက သဘောမတူဘူးလို့လည်း ပြောကြပါတယ်။

အဲ့ဒီလမ်းကို တိုးချဲ့ဖောက်လုပ်ဖို့ ဆောက်လုပ်ရေးဌာနက ဘယ်တော့စတင်လုပ်ဆောင်မယ်ဆိုတာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီ တင်ပြထားတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။