မုံရွာမှာ လက်နက်ကြီးကြောင့် တစ်ဦးသေ၊ လေးဦး ဒဏ်ရာရပြီး ငါးထောင်ကျော်ထွက်ပြေးနေရ

RFA Burmese
2023.11.05
မုံရွာမှာ လက်နက်ကြီးကြောင့် တစ်ဦးသေ၊ လေးဦး ဒဏ်ရာရပြီး ငါးထောင်ကျော်ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ကျေးရွာအုပ်စုမှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ စစ်ကြောင်းထိုးတာကြောင့် ကျေးရွာ ၁၂ ရွာက ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရပြီး ၊ လက်နက်ကြီးထိမှန်တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာခဲ့တယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။

နိုဝင်ဘာလ ၄ ရက်နေ့က စစ်ကောင်စီကလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

" နိုဝင်ဘာ ၄ ရက်နေ့က ညောင်ဖြုပင်ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းဖို့တိုက်တာကစတယ် ပြောတယ်၊ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်တာကြောင့် ကျေးရွာ ငါးရွာလောက်ထွက်ပြေးရတယ်၊ အရပ်သားတစ်ဦးသေဆုံးတယ်၊လေးယောက်ဒဏ်ရာရတယ်၊ နောက်ရက် ၅ ရက်နေ့မှာ စစ်ကောင်စီနဲ့ ပျူစောထီး တပ်အင်အား ၁၀၀ ကျော်လောက်က စစ်ကြောင်းထိုးတာကြောင့် အနီးနားက ၇ ရွာ စုစုပေါင်း လူငါးထောင်လောက် ထွက်ပြေးနေရတယ်"

လက်ရှိမှာ ညောင်ဖြူပင်၊ ဘုဘရွာ၊ လယ်တော်၊ ချောင်းကောက်စတဲ့ ရွာ ၁၂ ရွာလောက်က ဒေသခံ ငါးထောင် ကျော်ဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေအပါအဝင် နေရာ ၁၃ ခုလောက်မှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လည်း ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းတွေဟာ ညောင်ဖြူပင်ကျေးရွာထဲက ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီး နေပြီး နေအိမ်ဘယ်နှစ်လုံးမီးရှို့ခံရတယ်ဆိုတာတော့ အတိအကျမသိရသေးဘူးလို့လည်း ပြောပါတယ်။

ဒီစစ်ဘေးဒုက္ခသည်တွေဟာ ဘယ်အချိန်ထိ နေရပ်ပြန်နိုင်မယ်ဆိုတာမသိရသေးတာကြောင့် စားဝတ်နေရေး အခက်အခဲရှိတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ တိုင်ရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားခြင်း မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိလာပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။