မုံရွာမှာ PDF စခန်းလေးခု စီးနင်းခံရပြီး အရပ်သားတချို့လည်း ဖမ်းဆီးခံရ
2024.11.21
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ရွှေမြင်တင်တောင်မှာ အခြေစိုက်ထားတဲ့ PDF တပ်စခန်းလေးခုကို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး စီးနင်းပြီး စစ်ဘေးတိမ်းရှောင်နေတဲ့ အရပ်သားတချို့ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
အင်အား တစ်ရာခန့်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း၊ မုံရွာမြို့နယ် တိုက်နယ်-၁ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Monywa Special ဒိတ်ဒိတ်ကြဲ)၊ မုံရွာမြို့နယ် တိုက်နယ်-၁ ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တို့ရဲ့ စခန်းတွေ စီးနင်းခံရတာလို့ ဆိုပါတယ်။
စစ်ကြောင်းဝင်ရောက်လာချိန် ရွှေမြင်တင်တောင်ပေါ်က ဘုန်းကြီးကျောင်းတစ်ခုမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ ဒေသခံတချို့လည်း ဖမ်ဆီးခံရတယ်လို့ မုံရွာမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ရွှေမြင်တင်တောင်ပေါ်မှာ စခန်းချတဲ့ အဖွဲ့အစည်းတွေ စီးနင်းခံရတာပေါ့။ သတင်းကြိုရတော့ ပစ္စည်းများများစားစား ပါသွားတယ် မကြားဘူး။ တောင်ပေါ် ဘုန်းကြီးကျောင်းမှာ သူတို့ (စစ်ကောင်စီတပ်) ဖမ်းပြီး လိုင်းပေါ်တင်ထားတဲ့သူတွေက PDF တွေ မဟုတ်ဘူး။ လေးယောက်တင်ပဲ သူတို့ လိုင်းပေါ်တင်ထားတာ။ တကယ်က ဒီထက်များမှာ။ ဖမ်းခံရတဲ့ထဲက မိန်းကလေးတစ်ယောက်နဲ့ ယောကျ်ားလေးတစ်ယောက်က ကြေးမုံသူ ကြေးမုံသားတွေ။ မိသားစုလိုက် အဲဘက်ကို စစ်ရှောင်ကြတာလေ”
ဖမ်းဆီးခံထားရသူ လေးဦးက ကြေးမုံရွာက အသက် ၃၀ အရွယ် မချောစုနဲ့ အသက် ၅၀ အရွယ် ကိုဝင်းဇော်တို့ ဖြစ်ပြီး နောက်ထပ် အမျိုးသား နှစ်ဦးကတော့ ရွှေမြင်တင်တောင်ခြေမှာရှိတဲ့ ဗန်စီရွာခံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်ထောက်ခံရေးသားတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ မုံရွာမြို့နယ် ရွှေမြင်တင်တောင်၊ ရွှေမြင်တင် ကျောင်းတိုက်ဝင်းအတွင်းက လူလေးဦးကို ဖမ်းထားပြီး လက်နက်ခဲယမ်း တချို့လည်း သိမ်းဆည်းရမိတယ်လို့ ရေးသားဖော်ပြကြပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ စီးနင်းခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ သက်ဆိုင်ရာ PDF တပ်ဖွဲ့တွေကိုလည်း RFA က ဆက်သွယ်နေပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်က ရွှေမြင်တင်တောင်ပေါ်နဲ့ တောင်ခြေရွာတွေဖြစ်တဲ့ ဗန်စီရွာနဲ့ နိဗ္ဗာန်ဝရွာတို့မှာ ရှိနေသေးသလို ရွာတွေထဲက ပစ္စည်းတွေကိုလည်း ယူဆောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ တစ်ရာကျော်စီရှိကြတဲ့ ဗန်စီရွာနဲ့ နိဗ္ဗာန်ဝရွာခံ တစ်ထောင်ခန့်ဟာ စစ်ကြောင်းကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း မုံရွာမြို့နယ်တောင်ဘက်မှာရှိတဲ့ Monywa Special ဒိတ်ဒိတ်ကြဲ ပြည်သူ့ကာကွယ်ရေးစခန်း စီးနင်းခံရပြီး ကျပ်သိန်း ငါးရာကျော် တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတချို့နဲ့ ငွေသားတွေပါ ဆုံးရှုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။