စစ်ကြောင်းကြောင့် မုံရွာမြို့နယ်မှာ လူငါးထောင်ခန့် ထွက်ပြေးနေရ

RFA Burmese
2024.04.18
စစ်ကြောင်းကြောင့် မုံရွာမြို့နယ်မှာ လူငါးထောင်ခန့် ထွက်ပြေးနေရ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်အချို့အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
မုံရွာ - အမြင့်လမ်းဘေးကျေးရွာများသပိတ် ဦးဆောင်ကော်မတီ

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာတာကြောင့် ကျေးရွာသုံးရွာက ဒေသခံ ငါးထောင်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ အဲဒီရွာတွေမှာ နေထိုင်တဲ့ဒေသခံတွေက ဧပြီလ ၁၈ ရက် ဒီနေ့မှာ ပြောပါတယ်။

ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းမှာ အရာတော်မြို့နယ်ကနေ အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာတာကြောင့် ကျောက္ကာ၊ ထနောင်းဝင်းနဲ့ ရွာတုံရွာတို့က ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်လာတဲ့ အဲဒီစစ်ကြောင်းဟာ ဧပြီလ ၁၈ ရက် ဒီနေ့ နေ့လယ်ပိုင်းအချိန်အထိ ထနောင်းဝင်းရွာမှာ ရှိနေသေးတာကြောင့် ဒေသခံတွေ ရွာထဲပြန်မဝင်နိုင်သေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထနောင်းဝင်း ရွာခံတစ်ဦးက RFA ကိုပြောပါတယ်။

“မနေ့ညက ကျောက္ကာရွာမှာ ညအိပ်ပြီး ဒီနေ့မနက် ထနောင်းဝင်းထဲ ရောက်လာပြီး အခုထိ (စစ်ကောင်စီတပ်) ပြန်မထွက်သေးဘူး”

ထွက်ပြေးနေရာတဲ့ ကျေးရွာသုံးရွာဟာ ရွာကြီးတွေဖြစ်ပြီး ရွာသုံးရွာပေါင်း စုစုပေါင်းအိမ်ခြေ တစ်ထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကလည်း မုံရွာမြို့နယ်အရှေ့ခြမ်းက ရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်စီးနင်းမီးရှို့ခဲ့တာကြောင့် နေအိမ် ၁၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ငါးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ မီးရှို့ခံရတဲ့ရွာခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။