နိုင်ငံရေးအကျဉ်းသားများကို တခြားပြစ်မှှုနဲ့ အရေးမယူသင့်
2014.11.03

နိုင်ငံရေးပုဒ်မတွေအပြင် တခြားပုဒ်မတွေနဲ့ ထောင်ချခံ ထားရသူ ၂၇ ဦးကို အစိုးရက နိုင်ငံရေး ပြစ်မှှုတွေ ပယ်ဖျက်ပြီး တခြားပြစ်မှှုတွေနဲ့ ဆက်လက်အရေးယူနေ တာဟာ မဖြစ်သင့်ကြောင်းနဲ့ သူတို့ကို အမြန်ဆုံး လွှတ်ပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ FPPS တို့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
အဲ့ဒီ ၂၇ ဦးဟာ သူတို့မကျူးလွန်တဲ့ပြစ်မှုတွေကို အတင်းဝန်ခံခိုင်းတာတွေ ရှိခဲ့တဲ့အတွက် နိုင်ငံရေးအကျဉ်းသားအဖြစ် တောင်းဆိုတာဖြစ် တယ်လို့ ပူးတွဲကြေညာချက် ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဦးဘိုကြည်က ပြောပါတယ်။
"လူ့အခွင့်အရေးအခြေအနေတွေကို ဘယ်လောက်ထိချိုးဖောက်ခံရသလဲ၊ နောက် သူတို့ စစ်ကြောရေးတွေမှာ ဘယ်လောက်အထိ နှိပ်စက်ခံရတယ်၊ လွတ်လပ်မျှတဲ့ တရားဥပဒေ သူတို့ ဘယ်လောက်ရသလဲ၊ နောက် သူတို့တွေ အဖမ်းမခံရခင်မှာ ဘာတွေလုပ်ခဲ့သလဲ၊ ဘာကြောင့် သူတို့အဖမ်းခံသလဲ၊ အဲ့လိုမျိုး ရှှုထောင့်ပေါင်းစုံကနေ စဉ်းစားပြီးတော့ ကျနော်တို့က သက်မှတ်တာပါ၊ ကျနော်တို့ အခုသက်မှတ်ခဲ့တဲ့သူတွေထဲမှာ ဥပမာဆိုလို့ရှိရင် ကချင်ပြည်နယ် မြစ်ကြီးနား ထောင်မှာ ရှိနေတဲ့ ကချင် ၃ ယောက်ပေါ့နော်၊ သူတို့တွေဆိုလို့ရှိရင် KIA နဲ့ မပတ်သက်ဘူး၊ ဒါပေမဲ့ KIA နဲ့ပတ်သက်တယ်လို့ မတရားသဖြင့်နှိပ်စက်ပြီးတော့ အဲ့လို ဝန်ခံခိုင်းတာတွေရှိတယ်၊ အဲ့လိုပဲ တကယ့်မျှတတဲ့ တရားစီရင်မှှုမရခဲ့ဘူးလို့ ကျနော်တို့ ယုံကြည်တယ်"
လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဟာ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားတာဖြစ်ပေမဲ့ အစိုးရဘက်က နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှှု မရှိဘူးလို့လည်း ဒီနေ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။
နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုခံထားရသူ ၂၇ ဦးထဲမှာ ရှမ်းနဲ့ ကချင်တိုင်းရင်းသားတွေ ပါဝင်ပြီး သူတို့ဟာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးထောင်ချခံရသူတွေဖြစ်တယ်လို့ ဦးဘိုကြည်က ပြောပါတယ်။
ဒါ့အပြင် တချို့ဟာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူ လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဝင်တွေ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။