နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှုများ အလျင်မပြတ် လှုပ်ရှားနေ
2011.05.22

အဲဒီပွဲမှာ ပါဝင်သူ အယောက် ၃ဝ လောက် ရှိပြီး သူတို့ ဆုတောင်းနေချိန်မှာ အာဏာပိုင်တွေက ဝိုင်းထားပြီး စောင့်ကြည့်နေခဲ့တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးဆောင် လှုပ်ရှားသူတဦး ဖြစ်တဲ့ ရွှေပြည်သာမြို့နယ်က ဦးသိန်းအောင်က အခုလိုပြောပါတယ်။
“အင်္ဂါမိသားစုက ဦးဆောင်ပြီး အောင်ဘောဂ စေတီမှာ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော် လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲလုပ်တယ်။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက မာဇဒါဂျစ်နဲ့ လာပြီးတော့ မြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် ထောက်လှမ်းရေး တပ်ဖွဲ့ (၃)၊ နောက် ပြည်သူ့ စွမ်းအားရှင်လည်း ပါတယ်။ သူတို့ အင်အား ၃ ရာလောက်က ဘုရားပတ်လည်မှာ ဝိုင်းထားတယ်”
ထောက်လှမ်းရေးတွေက ဝတ်ပြု ဆုတောင်းသူတွေကို ဓာတ်ပုံရိုက်ကြတယ်လို့ ဦးသိန်းအောင်က ပြောပါတယ်။
အင်္ဂါ ဝတ်ပြုဆုတောင်းပွဲ အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေတဲ့ နှစ်တွေတုန်းက နော်အုန်းလှ ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲကို အပတ်စဉ် ပြုလုပ်ခဲ့ကြတာပါ။ အခုလည်း အဲဒီ အဖွဲ့ဝင်တွေကပဲ ဆက်လက် လှုပ်ရှားကြတာလို့ သိရပါတယ်။
ဦးသိန်းစိန်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၅ဝ ပတ်ဝန်းကျင်သာ ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီလွတ်ငြိမ်းချမ်းသာခွင့်ကို ကုလသမဂ္ဂ အပါအဝင် ပြည်တွင်းပြည်ပ အဖွဲ့ အသီးသီးက ပြစ်တင် ဝေဖန်နေကြပါတယ်။