နမ္မတူမြို့မှာ စစ်ဘေးဒုက္ခသည် ၂၀၀ ကျော်ထပ်တိုးလာ
2017.08.09

ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်မြို့နယ် ခေးခင်ကျေးရွာအုပ်စု အောက်မန်ဝဲ ကျေးရွာတဝိုက်မှာ တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ကြား တိုက်ပွဲတွေဖြစ် ပွားနေတဲ့အတွက် အဲဒီဒေသတစ်ဝိုက်ကနေ နမ္မတူမြို့ကို တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ တစ်ရက် အတွင်း ၂၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။
တပ်မတော်နဲ့ TNLA ကြား တိုက်ပွဲဖြစ်ပြီး ကျေးရွာတွေထဲကို လက်နက်ကြီး ကျရောက်တဲ့အတွက် ထွက်ပြေးလာရ တာဖြစ်တယ်လို့ နမ္မတူမြို့မှာ ရောက်ရှိနေတဲ့ အောက်မန်ဝဲ ရွာသားတွေက ပြောပါတယ်။
နမ့်ဆန်မြို့နယ် ခေးခင်ကျေးရွာအုပ်စု အောက်မန်ဝဲကျေးရွာက ဒေသခံ ၁၀၀ ကျော်ဟာ မနေ့ညက နမ္မတူမြို့ကို တိမ်းရှောင်လာကြတာဖြစ်ပြီး ဒီကနေ့ မနက်မှာလည်း ၁၀၀ ကျော် ထပ်ရောက်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီကျေးရွာတွေကနေ နမ္မတူမြို့ပေါ်ကို ထပ်ပြီး ထွက်ပြေးလာသူတွေလည်းရှိနေပြီး လူဦးရေ ၈၀ လောက် လမ်းမှာရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ နမ္မတူမြို့ကို ရောက်ရှိနေသူတွေကို နမ္မတူမြို့နယ် ပုဗ္ဗါရုံကျောင်းမှာ နေရာချပေးထားပါတယ်။
စစ်ဘေးကြောင့် နမ့်ဆန်မြို့နယ်ကနေ နမ္မတူမြို့နယ်ဘက်ကို ထွက်ပြေးလာသူတွေအတွက် စောင်နဲ့ အဝတ် အထည်တွေ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ လိုအပ်နေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်ကတည်းက တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် နမ္မတူမြို့မှာခိုလှုံနေရတဲ့ ကချင်နဲ့ လီဆူ တိုင်းရင်းသား စစ်ဘေးဒုက္ခသည် ၄၀၀ ကျော် ရှိနေတာဖြစ်ပြီး ထပ်ရောက် လာတဲ့ ဒုက္ခသည်တွေနဲ့ပေါင်းရင် ဒုက္ခသည် ၆၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။