ရခိုင်မှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းနှစ်သောင်းကျော်ရှိလာ

မင်းသိန်းအောင်
2020.10.02
rakhine-refugees-622.jpg စစ်တွေမြို့ မေတ္တာပါရမီကျောင်းကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် ၁၀ ခုမှာ မနေ့ကအထိ စစ်ဘေးသင့်ဒုက္ခသည်ဦးရေ  ၂၂၆၀၀၀ ကျော်အထိ ရှိနေပြီလို့ စစ်ဘေးဒုက္ခသည်တွေအရေး အကူအညီတွေပေးနေတဲ့ ရခိုင်တိုင်းရင်း သားမျိုးနွယ်များအစည်းအရုံး REC က မနေ့ကထုတ်ပြန်ပါတယ်။

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ အမ်း စတဲ့မြို့နယ် ၁၀ ခုက ဒုက္ခသည်စခန်း ၁၆၃ ခုမှာခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ၇၇၉၀၀ ကျော်ရှိပြီး စခန်းတွေထဲကို မရောက်ဘဲ နီးစပ်ရာမှာ ခိုလှုံနေကြသူတွေက ၁၄၈၈၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ ပြီးခဲ့တဲ့ဇူလိုင်လ ၇ ရက်နေ့ထုတ်ပြန်ချက်မှာ စခန်းတွင်းနဲ့ စခန်းပြင်ပ ဒုက္ခသည်ဦးရေဟာ ၁၉၀၇၀၀ ကျော်ရှိခဲ့တဲ့အတွက် အချိန်သုံးလအတွင်းမှာ ဒုက္ခသည်ဦးရေ ၃၀၀၀၀ ကျော်တိုးလာတာပါ။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ဒုက္ခသည်ဦးရေ ၉၈၀၀၀ ကျော်ရှိခဲ့ရာကနေ အခုနှစ် ၁၀ လ အတွင်းမှာဆိုရင် ဒုက္ခသည်ဦးရေ ၁၂၈၀၀၀ ကျော် တိုးလာတာလည်းဖြစ်ပါတယ်။

ပြီးခဲတဲ့လအတွင်းမှာ ကျောက်တော်မြို့နယ်မှာ ကျေးရွာအချို့မီးရှို့ခံရတာ၊ ကျေးရွာတွေထဲကို လက်နက်ကြီး တွေနဲ့ ပစ်ခတ်ခံရလို့ စက်တင်ဘာလ ပထမပတ်နဲ့ ဒုတိယပတ်အတွင်းမှာ အိုးအိမ်စွန့်ခွာထွက် ပြေးနေရတဲ့ လူပေါင်း ၂၀၀၀၀ နီးပါးအထိရှိခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ကပြောပါတယ်။

ကျောက်တော်မြို့နယ် မဟာမုနိစစ်ဘေးဒုက္ခသည်စခန်းမှာ ဒီနေ့မနက်ပိုင်းအချိန်အထိ လူဦးရေ ၁၅၀၀ ကျော် ရှိနေပြီး နောက်ထပ် လူပေါင်း ၄၀၀ ကျော်လောက် လာရောက်ဖို့ဒေသခံတွေက လျှောက်ထားလာကြတဲ့အတွက် နေရာထိုင်ခင်းအတွက် အခက်အခဲဖြစ်နေရတယ်လို့ စခန်းစီမံခန့်ခွဲရေးနာယကဆရာတော် ဦးပညာသီရိက RFA ကိုမိန့်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စာရင်းတွေအရတော့ ပြီးခဲ့တဲ့စက်တင်ဘာလ ၁၁ ရက်နေ့အထိ စခန်းတွင်းရော စခန်းပြင်ပမှာပါ ခိုလှုံနေတဲ့ ဒုက္ခသည်ဦးရေဟာ ၇၆၀၀၀ ကျော်သာရှိတယ်လို့ ပြည်နယ် အစိုးရအဖွဲ့ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောဆိုထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။