စစ်ကိုင်းနဲ့ ချင်းမှာ စစ်ဘေးဒုက္ခသည်တွေ ထပ်တိုးလာ

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်မှာ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက် နေတဲ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် နေရပ်စွန့် ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၂၆၀၀၀ ကျော် ထပ်တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မနေ့က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၂၂ ရက်နေ့အထိ စာရင်းအရ စစ်ကိုင်းတိုင်းမှာ စစ်ဘေးဒုက္ခသည် ၄၁၀၀၀ နီးပါးရှိပြီး ဒီဇင်ဘာလ ၁ ရက်နေ့ မနေ့ထုတ်ပြန်ချက် အစီရင်ခံစာရေးသားနေချိန်မှာပဲ မြို့နယ် ၄ မြို့နယ်က နောက်ထပ်ဒေသခံ နှစ်သောင်းကျော် ထပ်မံထွက်ပြေးရတာလို့ ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းရဲ့ လူသားချင်းစာနာမှုအခြေအနေဟာ ဆက်လက်ဆိုးရွားနေတယ်လို့လည်း UNOCHA ကဆိုပါတယ်။
ချင်းပြည်နယ်ထဲမှာလည်း လူဦးရေ ၂၃၃၀၀ ခန့်ဟာ ယာယီစခန်းတွေမှာ နေထိုင်နေကြရသလို မကွေးတိုင်းက ဒေသခံ ၁၁၇၅၀ ခန့်ဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဖော်ပြထားပါတယ်။
နိုဝင်ဘာလ ၂၈ ရက်နေ့က ထန်တလန်မြို့ မီးလောင်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း တစ်ခုအပါအဝင် အနည်းဆုံး အိမ်ခြေ ၄၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး စက်တင်ဘာလ ၁၈ ရက်နေ့က မီးလောင်မှုနဲ့ပေါင်းရင် အိမ်ပေါင်း ၃၈၆ လုံး မီးလောင်ပျက်စီးသွားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါကြောင့် မြို့နေပြည်သူတွေဟာ မြို့ကိုစွန့်ခွာပြီး အိန္ဒိယနယ်စပ်မှာ ယာယီနေထိုင်နေကြရပါတယ်။
လက်ရှိအချိန်အထိ တဘက် အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးရသူကလည်း ၁၅,၀၀၀ ခန့်ရှိနေသလို ထပ်မံ ထွက်ပြေးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
လူသားချင်းစာနာမှုလုပ်ငန်း ဆောင်ရွက်တဲ့သူတွေဟာ ချင်းပြည်နယ်ထဲက ပဋိပက္ခဒဏ်ခံစားရတဲ့နေရာ တွေမှာ အစားအစာ၊ လောင်စာဆီနဲ့ ဆေးဝါးပြတ်လပ်နေမှုတွေအတွက် စိုးရိမ်နေပြီး စစ်ဘေးဒုက္ခသည် ၂၆၀၀၀ ခန့်ရှိတဲ့ မင်းတပ်မြို့ကို အရေးပေါ်သွားလာခွင့် ရရှိဖို့လည်း ကြိုးစားနေတယ်လို့ UNOCHA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။