ရခိုင်ပြည်နယ် တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်များ ထပ်တိုး
2015.04.26

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာ ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကျောက်တော်မြို့နယ် ဘင်ချောင်းကျေးရွာက ဒေသခံ ၁၆၀ ကျော်လောက် စပါးဆိပ်ကျေးရွာကို ဒီနေ့ ထပ်မံရောက်ရှိလာကြတယ်လို့ သိရပါတယ်။
စပါးဆိပ်ကျေးရွာမှာ စစ်ဘေးရှောင်ဒုက္ခသည် ၄၀၀ ကျော် ရှိခဲ့ရာကနေ အခု ဒုက္ခသည်တွေ ထပ်မံရောက်ရှိ လာတာကြောင့် အရေးပေါ်စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ ကျောက်တော်မြို့က စစ်ဘေး ဒဏ်သင့် ထောက်ပံ့ရေးကော်မတီဝင် တစ်ဦးဖြစ်သူ ကိုဇော်ဝင်း က ပြောပါတယ်။
"ဒီနေ့မနက်အစောကြီးမှ အာဏာပိုင်တွေက ကျနော်တို့ကိုလှမ်းအကြောင်းကြားတယ်၊ လူဦးရေ ပထမ ၄၀၇ ဦးရှိတယ်၊ အခု ၅၇၄ ဦးရှိသွား ပြီ၊ ရောက်လာတဲ့ရွာက ဘင်ချောင်း ကျေးရွာက လူတွေလို့ သိရတယ် ခင်ဗျ၊ ကျနော်တို့မနေ့ကပေးတဲ့ဟာက အာလူး နည်းနည်းပါးပါး လောက်တော့ ကျန်လောက်တယ်၊ လောက်လောက်ငှငှတော့ မစားလောက်နိုင်ပါဘူး"
ကျောက်တော်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ အပတ်က အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ် မတော် AA တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အောင်လံချောင်း၊ ပင်လုံ၊ ကုလားကျ စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ စပါးဆိပ်ကျေးရွာကို တိမ်းရှောင်လာကြတာ လည်းဖြစ်ပါတယ်။
အခုအချိန်မှာ ပင်လုံနဲ့ ကုလားကျကျေးရွာတွေက ဒေသခံတွေကို တပ်မတော်အရာရှိတွေက မိမိတို့ နေရပ်ရင်း ကို ပြန်လို့ရနိုင်ပြီလို့ ပြောကြပေမယ့် ဒေသခံတွေ အနေနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေသေးတာကြောင့် နေရပ်ရင်း ကို ပြန်ဖို့ ငြင်းဆန်ကြတယ်လို့လည်း သိရပါတယ်။
ကျောက်တော်မြို့မှာ အရပ်ဘက်အဖွဲ့တွေ၊ မြို့ခံတွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်ဘေးဒဏ်သင့် ထောက်ပံ့ရေးကော်မတီအနေနဲ့ စစ်ဘေးဒုက္ခသည်တွေရှိရာ စပါးဆိပ်ကျေးရွာကို ပထမဆုံးအကြိမ်အဖြစ် မနေ့က သွားရောက်ကူညီခွင့်ရခဲ့ပြီး လူ ၄၀၀ ကျော်အတွက် ဆန်၊ အာလူးနဲ့ ခြင်ထောင်တွေကို လှူဒါန်းနိုင်ခဲ့ပါတယ်။
ဒီအတောအတွင်း စပါးဆိပ်ကျေးရွာကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် တွေအတွက် အစားအသောက် အကူအညီပေးမယ့်အဖွဲ့တွေကို ပြည် နယ်အစိုးရအဖွဲ့က သွားခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။
မနေ့က ကျောက်တော်မြို့နယ် စစ်ဘေးဒဏ်သင့်ထောက်ပံ့ရေးကော်မတီက စားနပ်ရိက္ခာတွေကို သွားရောက် လှူဒါန်းခဲ့ ရာမှာ ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး အဖွဲ့က လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးခဲ့တယ်လို့ ရခိုင် ပြည်နယ် အရေးပေါ်ညှိနှိုင်းပေါင်းစပ်ရေးအဖွဲ့က ဦးသန်းထွန်းက ပြောပါတယ်။
"ပြည်နယ်အစိုးရအဖွဲ့ နဲ့ရောဘာရော၊ တခြားအဖွဲ့နဲ့ရော ညှိနှိုင်းပြီးတော့ ပို့ခွင့်ရပါတယ်ခင်ဗျ၊ ကျောက်တော် မြို့နယ်အုပ်ချုပ်ရေးမှူးက လုံခြုံရေးတွေပေးပြီး သွားခွင့်ပြုပါတယ်ခင်ဗျ၊ မနေ့ကပဲ ကျောက်တော်မြို့နယ် လူမှုအဖွဲ့အစည်းက ထောက်ပံ့ရေး မော်တော်ဘုတ်တစ်စီးသွားပို့လို့ ပြန်ရောက်ပါပြီ ခင်ဗျ၊ လောလောဆယ် အရေးတကြီး လိုအပ်နေတာကတော့ အစားအသောက်ပစ္စည်းတွေပါပဲ၊ ဆန်အိတ်တွေပါပါတယ်၊ ငါးခြောက်တွေပါပါတယ်"
အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ ကျောက်တော် မြို့နယ် ပီချောင်းဒေသ စပါးဆိပ်ကျေးရွာအုပ်စု အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို နှစ်ဘက်တိုက်ပွဲဖြစ် ပွားရာ အနီးက ပင်လုံ၊ အောင်လံချောင်း၊ ကုလားပြင်စတဲ့ ကျေးရွာတွေက မိသားစု ၈၄ စု၊ လူဦးရေ ၄၀၀ ကျော်ဟာ စပါးဆိပ်ကျေးရွာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ်အစိုးအဖွဲ့က စစ်ဘေးဒုက္ခသည်တွေအတွက် ဆန်အိတ် ၂ဝဝ သွားရောက် လှူဒါန်းခဲ့ပြီး ဒီရက်ပိုင်းအတွင်းမှာလည်း ရခိုင်ပြည်နယ် အတွင်းက စစ်တွေ၊ မြောက်ဦးမြို့က လူမှုရေးအသင်းတွေ စုပေါင်းပြီး စစ်ဘေး ဒဏ်သင့် ထောက်ပံ့ရေး ကော်မတီဖွဲ့စည်းထားကာ သွားရောက် လှူဒါန်းဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။