ရက်ပေါင်း ၂၀ ကျော်အတွင်း ကလေးမြို့မှာ ဒေသခံ ၂၆ ဦး အဖမ်းခံရ

2021.12.04
ရက်ပေါင်း ၂၀ ကျော်အတွင်း ကလေးမြို့မှာ ဒေသခံ ၂၆ ဦး အဖမ်းခံရ ကလေးမြို့ ဗိုလ်ချုပ်လမ်းကို ၂၀၂၁ ဒီဇင်ဘာ ၄ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ကလေးမြို့မှာ နိုဝင်ဘာလ ၁၁ ရက်ကနေ ဒီဇင်ဘာ ၄ ရက် မနေ့ကအထိ ရက်ပေါင်း ၂၀ ကျော် အတွင်း ကလေးမြို့နယ်ထဲက ဒေသခံ ၂၆ ဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရတယ်လို့ ကလေးမြို့ ပင်မသပိတ်ဦးဆောင်အဖွဲ့က ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။

အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၂၆ ဦးတို့ဖြစ်ကြပြီး မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေက စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေ၊ PDF တပ်ဖွဲ့ဝင်တွေ၊ တက္ကသိုလ် ကျောင်းသူတွေ၊ ရုပ်သံ ထုတ်လုပ်သူနဲ့ သာမန်အရပ်သားတွေ ဖြစ်ကြပါတယ်။

ရေရှင်၊ အင်းကျွန်း ရွာတွေက အမျိုးသား ငါးဦးဟာလည်း ဒီဇင်ဘာ ၁ ရက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံရပြီးနောက် မီးရှို့သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၆ ရက်ကလည်း ကလေး PDF တပ်ရင်း ၃ ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်စီးပြီး အမျိုးသမီး ကိုးယောက်တို့ အဖမ်းခံလိုက်ရပါတယ်။

ကလေးမြို့နယ်ထဲက ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ကလေးမြို့မှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးသူ ၆၅ ဦးကျော်နဲ့ လက်ရှိ ဖမ်းဆီးခံရသူ ၂၆ ဦး အပါအဝင် ဖမ်းဆီးခံရသူ စုစုပေါင်း ၃၇၀ ခန့်ရှိပြီလို့ ကလေးမြို့ ပင်မသပိတ်ဦးဆောင်သူ တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။