ဧရာဝတီမြစ် သောင်ထွန်း
2011.03.13
အခုလို သောင်ထွန်းပြီး ရေကြောင်း ကျဉ်းသွားတဲ့အတွက် အရင်ကလို တွဲသဘောၤတွေ မခုတ်မောင်းနိုင် တော့တဲ့အကြောင်း စစ်ကိုင်းဒေသခံ အနုပညာရှင် တဦးက ပြောပါတယ်။
“ရေနည်းတဲ့ ကာလမှာ သောင်ထွန်းတယ်ဆိုတာ ထုံးစံပေ့ါ။ သို့သော်လည်း ဒီလောက် ထွန်းတယ်ဆိုတာ မရှိခဲ့ဘူး။ တော်တော်ကြီးကို သိသာတယ်။ ရေနံတင်တွဲတွေ ဆိုရင် ဝင်ဖို့ထွက်ဖို့ တော်တော်ကို ခက်သွားတယ်”
ဒီလို ထူးထူးခြားခြား မြစ်ကြောင်း တိမ်ကောလာတာဟာ နဂိုရှိပြီးသား အင်းဝတံတားအနီး ပေ ၂ ထောင်လောက် အကွာမှာဘဲ စစ်အစိုးရးက ရတနာပုံ-ဧရာဝတီ မြစ်ကူးတံတားကို ထပ်ပြီး ဖောက်လုပ်ခဲ့တဲ့အတွက် မြစ်ကြောင်း နုန်းတင် ပို့ချမှု ပြောင်းသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် မြစ်ရေကို မှီခိုနေရတဲ့ စစ်ကိုင်းမြို့က ပြည်သူလူထုအတွက် ဒီနှစ်မှာ သောက်ရေသုံးရေ အခက်အခဲ ကြုံနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မြေကြီးက မြစ်လည်ကောင်ကို ဆုတ်သွားပြီး သောင်ပြင်ကြီးက မိုင်နဲ့ချီပြီး ကျယ်သွားတဲ့အခါကျတော့ ရေလှမ်းစုပ်ရတာလည်း ခက်သွားတယ်။ ရေရဖို့လည်း ခက်သွားတယ်”
လက်ရှိ စစ်အစိုးရ လက်ထက်မှာ သစ်တောတွေ ပြုန်းတီးပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်လာတာတွေ များတဲ့အတွက် ဧရာဝတီမြစ် သာမက ချင်းတွင်းမြစ်နဲ့ အင်းလေးကန်မှာလည်း သိသိသာသာ ရေနည်းပါးလာတယ်လို့ သိရပါတယ်။