သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသား ၁၅ဝ ကျော်ကို ရုံးထုတ်စစ်ဆေး
2015.04.10

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဒီနှစ် ဇန်နဝါရီလ ဆန်းပိုင်းက စက်ယန္တရားတွေနဲ့ သစ်ခိုးထုတ်ခဲ့တဲ့ တရုတ်နိုင်ငံသား ၁၅ဝ ကျော်ကို မြစ်ကြီးနားခရိုင် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
အဲ့ဒီ တရုတ်နိုင်ငံသားတွေကို အမှု ၃ ခုနဲ့ စွဲဆိုထား တာဖြစ်ပြီး ခရိုင်တရားရုံးမှာ အများနဲ့သက်ဆိုင်သော ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ အ.ပ.က ၃ အတွက် ဒီနေ့ စစ်ဆေးတာဖြစ်တယ်လို့ ကချင်ပြည်နယ် ရဲမှူးကြီး စန်းယုက RFA ကို ပြောပါ တယ်။
"သူတို့မှာပစ်ဒဏ်က အကြမ်းဖျင်း ၃ မျိုးလို့ပြောလို့ ရမယ်၊ တစ်ခုကတော့ လ.ဝ.က ပေါ၊့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပတ်သက်တယ်၊ တစ်ခုကတော့ သစ်နဲ့ပတ်သက်တယ်၊ တစ်ခုကတော့ မူးယစ်ဆေး ဝါးနဲ့ပါ မိတာကြောင့်မို့ မူးယစ်ဆေးဝါးနဲ့ လက်ဝယ်တွေ့ရှိသောသူများကတော့ မူယစ်ဆေးဝါးနဲ့ပတ်သက်မှာပေါ့၊ သစ်နဲ့ပတ်သက်တဲ့ဥစ္စာကတော့ ကျနော်တို့ ပထမ ၆ ကြိမ်ပေါ့၊ ပြည်ထဲရေးကနေပြီးတော့မှ ဒါဟာဥပဒေရဲ့ အကြံပြုချက်အရ တင်ပြတဲ့အခါမှာ ဒါအဲ့ဒါဆိုရင် အ.ပ.က ၃ နဲ့ချမယ်၊ ပြည်ထဲရေးကနေပြီးတော့မှ အ.ပ.က ၃ နဲ့ ချပေး တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က အ.ပ.က ၃ နဲ့သွားမယ်၊ ကျနော်တို့ ပြည်ထဲရေးကနေပြီးတော့မှ တရားစွဲတင်နိုင်အောင်၊ အမှုကို ခိုင်မာစွာတည်ဆောင်နိုင်အောင် ဒါပဲ၊ ကျနော်တို့ လမ်းညွှန်မှု ညွှန်ကြား မှုရှိနိုင်မှာပါ"
အဲ့ဒီတရုတ်နိုင်ငံသားတွေကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃ (၁) နဲ့ မနေ့က ရုံးထုတ်စစ်ဆေးခဲ့တယ် လို့လည်း သိရပါတယ်။
ဒီနှစ်ဆန်းပိုင်းက ဝိုင်းမော်မြို့နယ် ဝါးရှောင်၊ မန်ဝိန်း၊ ဆဒုံး စတဲ့ ဒေသက တောတောင်တွေမှာ တရားမဝင်သစ်ခိုး ထုတ်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၁၅ဝ ကျော်ကို အစိုးရတပ်မတော်စစ်ကြောင်းက မူးယစ်ဆေးဝါးအပါ အဝင် ယာဉ်စက်ယန္တရားတွေနဲ့ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီ တရုတ်နိုင်ငံသား သစ်ခိုးထုတ်သမားတွေကို မြစ်ကြီးနားအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။