မော်ချီးဒေသမှာ မြေပြိုနိုင်မှုရှိလို့ အိမ်ခြေ ၅၀၀ ဘေးကင်းရာရွှေ့


2016.06.06
mawche-house-620.jpg မော်ချီးသတ္တုတွင်းဒေသက အိမ်ခြေတွေကိုတွေ့ရစဉ်
Photo: Nay Thwae/ RFA

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးသတ္တုတွင်းတွေမှာ နေထိုင်တဲ့ တောင်ပေါ်ရပ်ကွက်၊ ၁၃ ကုန်းရပ်ကွက် နဲ့ ၁၆ ကုန်းရပ်ကွက်တွေ မှာ နောက်ထပ် မြေပြိုကျမှုတွေ ဖြစ်နိုင်တယ်ဆိုပြီး အိမ်ခြေ ၅၀၀ လောက်ကို ပြည်နယ် အစိုးရက ပြောင်းရွှေ့ပေးဖို့စီစဉ်နေပါတယ်။

ဘူမိဗေဒပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး အစားထိုးပေးမယ့် မြေနေ ရာကို သတ်မှတ်ထားပြီးဖြစ်တယ်လို့ ကယားပြည်နယ် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က ပြောပါတယ်

"တောင်ပေါ်မှာ ၆ နေရာကို အန္တရာယ်မကင်းတဲ့ဇုန်ဆိုပြီး သတ်မှတ်လိုက်တယ်၊ ဒီနေရာတွေကတော့ ရာသီဥတုပြင်းထန်ရင် ပြိုနိုင်တယ်ပေါ့နော်၊ ကျန်ခဲ့တုန်းကလည်း အယ်လ်နီညို နောက်ဒီစက်တင်ဘာ ၊ အောက်တိုဘာလောက်မှာ လာနီညာ လာမယ်ဆိုတဲ့အခါကျတော့ ဒီရာသီဥတုကြောင့် ဒုက္ခရောက်နိုင် တယ်ပေါ့နော်"

အိမ်ထောင်စုတွေကို ဘယ်တော့ ပြောင်းရွှေ့မလဲဆိုတာကိုတော့ အစိုးရက မပြောနိုင်သေးဘူးလို့ ပြောပါတယ်။

မော်ချီးသတ္တုတွင်းဒေသမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက မိုးကြီးပြီး မြေပြိုခဲ့တာကြောင့် လူ ၃၀ လောက် သေဆုံး ခဲ့ပါတယ်။

မြေပြိုကျမှုဖြစ်ပြီးနောက်ပိုင်း တောင်ပေါ်ရပ်ကွက်၊ ၁၃ ကုန်းရပ်ကွက်နဲ့ ၁၆ ကုန်းရပ်ကွက်က ကျောင်းသုံးကျောင်း ကို ပိတ်ထားခဲ့တာဖြစ်ပြီး လက်ရှိ ကျောင်းသား ဦးရေ ၆၀၀ လောက် ကျောင်းတက်ဖို့ အခက်အခဲဖြစ်နေပါတယ်။

မော်ချီးခဲသတ္တုတွင်းမှာ ရဲထွဋ်ကျော်နဲ့မြန်မာ့ဦးပိုင်ကုမ္ပဏီလီမိတက်က သတ္တုတူးဖော်နေတာဖြစ်ပြီး အိမ်ထောင် စုတွေမှာ အလုပ်သမားတွေနဲ့ ဒေသခံတွေလည်း ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။