ဖားကန့်မှာ မြေထပ်ပြိုမှာ စိုးရိမ်ပြီး အိမ်တချို့ရွှေ့ပြောင်း
2020.07.10
မကြာသေးခင်က လူ ၂၀၀ လောက် သေဆုံးတဲ့ မြေပြိုမှု ဖြစ်ပွားခဲ့ရာ ကချင်ပြည်နယ် ဖားကန့်မြို့မှာ ကျောက်စိမ်း တူးဖော်ရေး အကြီးအကျယ် လုပ်ကိုင်မှုရဲ့ နောက်ဆက်တွဲအဖြစ် နေရာတချို့မှာ မြေပြိုနိုင်တဲ့ အနေအထားတချို့ ဖြစ်ပေါ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေပြီး နေရာ ရွှေ့ပြောင်းနေကြပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာထဲက ရပ်ကွက် ၂၊ ရပ်ကွက် ၆ နဲ့ မှော်ဖီ ခေါ် ခဂျန် စတဲ့ ရပ်ကွက် သုံးခုက နေအိမ်တချို့ဟာ မြေပြိုကျရင် ထိခိုက်မယ့်ဘေးနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါကြောင့် နီးစပ်ရာ ဆွေမျိုးတွေအိမ်တွေနဲ့ ခန်းမတွေမှာ ရွှေ့ပြောင်းနေထိုင်ကြတဲ့ အိမ်ထောင်စု ၃၀ ကျော် ရှိတယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖားကန့်မြို့နယ် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးရွှေသိန်းက မြေပြိုနိုင်တဲ့နေရာတွေကို ကိုယ်တိုင်သွားကြည့်ခဲ့ပြီး အခုလို ပြောပါတယ်။
“ပြီးခဲ့တဲ့ရက်က ၁၇၄ ယောက် သေဆုံးသွားတဲ့ မြေပြိုတဲ့နေရာရဲ့အပေါ်ပေါ့နော်။ လုပ်ကွက်ကမ်းပါးရဲ့ အပေါ် ခေါ်မှာပေါ့။ အဲဒီနေရာမှာက နေ့စဉ်နဲ့အမျှ မြေပြိုနိုင်တဲ့အနေထားကို ရောက်နေတယ်။ အန်ကယ်တို့ သွားကြည့်တော့ တော်တော်ကြီး ဆိုးနေတယ်။ အန်ကယ်တောင် ခြေယားတယ် အနားမကပ်ရဲဘူး။ လန့်နေတာ။ အောက်ကို ငုံ့ကြည့်လိုက်ရင် တာဝတိံသာကနေ လူ့ပြည်ကို ကြည့်ရသလိုမျိုးပဲ နှိုင်းယှဉ် ပြောရမှာပေါ့နော်။ အင်မတန်မှ နက်ရှိုင်းတယ်။ တော်တော်ကို ကြောက်စရာ လန့်စရာကောင်းတဲ့ မြေပြင် အနေထားကို ရောက်နေတယ်။ အဲဒီနေရာရဲ့ အပေါ်မှာက ဝှေခါရပ်ကွက်ရဲ့ ရပ်ကွက် ၆ လို့ခေါ်တဲ့ လဂူးချောင်ရွာလို့ ခေါ်တဲ့ရွာရှိနေတယ်။”
ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေက စက်ယန္တယားကြီးတွေနဲ့ မြေသားကို လှိုက်ပြီး တူးဖော်ခဲ့ကြတဲ့အတွက် ရွာတွေအောက်က မြေသားတွေလည်း ပါသွားပြီး အိမ်တွေဟာ ချောက်နက်ကြီးပေါ်မှာ ရောက်သွားတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေရာတချို့မှာ မြေသားနိမ့်ကျသွားတာကြောင့် အဲဒီနေရာမှာ ဆက်ပြီး မနေထိုင်ရဲတော့ဘဲ ပစ္စည်းတွေကို နည်းနည်းချင်း ရွှေ့ပြောင်းနေရတယ်လို့ ရပ်ကွက် ၆ က ဦးထန်းတိတ်က RFA ကို ပြောပါတယ်။
“လဂူးချောင်ရက်ကွက်ထိပ်မှာ။ မီးစက်ဂိုထောင်၊ ရေလောင်းအိမ်သာ ပါသွားပြီ အခုကမ်းပါးထိပ်မှာ။ အဲဒီ ဧရာရတနာကုမ္ပဏီထိပ်မှာ၊ ကျန်တဲ့ဟာတွေကလည်း တဖြည်းဖြည်း ပက်ကြားအက်ပြီးမှ တစ်ထွာတို့ တစ်တောင်တို့ လက်လေးသစ်လောက် ပက်ကြားအက်ပြီး ရှိတဲ့အိမ်က အကုန်ပြောင်တော့မှာ၊ အန္တရာယ် များနေတာ ကျနော့်အိမ်က။ ကျတော့ကျနေပြီ အကုန်လုံးကျမှာ ဘာဖြစ်လို့လဲဆိုတော့ အိမ်က ကျနော့် တစ်အိမ်တည်း မဟုတ်ဘူး။ အပေါ်မှာ အိမ်တွေရော၊ ကုမ္ပဏီရော ပက်ကြားအက်တွေကို အများကြီးရှိတယ်။”
မြေပြိုနိုင်တဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာ အိမ်ခြေ ၂၀၀ ကနေ ၃၀၀ လောက်ရှိကြပါတယ်။ မြေပြိုနိုင်ချေရှိတဲ့နေရာနဲ့ အလှမ်းဝေးတဲ့ နေရာတွေက အိမ်တချို့မှာလည်း မြေသား ပက်ကြားအက်တာ၊ အိမ်က အုတ်နံရံ အက်ကွဲ နေတာတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒေသခံ ဒေါ်မသင်းက သူတို့အိမ်လယ်မှာ အက်ကြောင်းထနေတယ်လို့ အခုလိုပြောပါတယ်။
“၁၅ - ၁၆ တုန်းက ပက်ကြားထိုးထားပြီးတော့ ကျမအိမ်လည်း အခုချိန်ထိလည်း သိပ်မကောင်းတော့ပါဘူး။ မပြိုကျသွားတာပဲရှိတယ်။ အက်ကြောင်းထိုးထားတာတွေ ရှိတယ်လေ။ အိမ်အလယ်မှာရော အောက် တည့်တည့်မှာရော ။ ကျမတို့ကျတော့ မြေစာကားသွန်တဲ့ ကားတွေသွားလို့ ဖြစ်တဲ့အက်ကြောင်းတွေလေ။”
ဝှေခါကျေးရွာမှာ သဘာဝဘေးအန္တရာယ်ကြုံရနိုင်တဲ့ နေအိမ် ၃၉ လုံးရှိပြီး သူတို့တွေကို ပြောင်းရွှေ့ခိုင်း ထားတဲ့အကြောင်း၊ ရွှေ့ပြောင်းတဲ့နေရာမှာလည်း ကူညီပေးနိုင်ဖို့ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲ မှုကော်မတီကို တင်ပြထားကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှုးက ပြောပါတယ်။
ကျောက်မျက်လုပ်ငန်းရှင်များအသင်း၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲနဲ့ ရပ်မိရပ်ဖတွေကလည်း ကူညီပေးဖို့ အစီအစဉ်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
လုံးခင်း၊ ဆိပ်မူ၊ ဝှေခါ ကျောက်တူးဖော်ရေး လုပ်ကိုင်တဲ့နေရာတွေက ပြိုကျမယ့် အန္တရာယ်ရှိတဲ့နေရာတွေကို ဌာနဆိုင်ရာအဖွဲ့အစည်းတွေကို ခေါင်းဆောင်ထားပြီး အပိုင်းလိုက်ခွဲ ကွင်းဆင်း စစ်ဆေးနေတယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။
အဲဒီ အန္တရာယ်ရှိတဲ့နေရာတွေမှာ သွားလာခွင့်တွေ ကန့်သတ်ထားမယ်လို့ ဦးတင့်စိုးက RFA ကို ပြောပါတယ်။
“ကျနော်တို့ ပိတ်ပင်မယ်။ တားဆီးမယ်။ အန္တရာယ်ရှိတဲ့နေရာတွေကို ကာကွယ်တားဆီးရေးတွေ လုပ်ထားဖို့ စီစဉ်ထားပါတယ်။ ကျနော်တို့ အကြောင်းကြားမယ်။ သတ်မှတ်ဆိုင်းဘုတ်တွေ ထားမယ်။ ကျနော်တို့ Awareness ပေးမှာပေါ့ဗျာ။ တကယ်လို့ လိုအပ်လို့ရှိရင် နောက်ပိုင်းမှာ အရေးယူဖို့ စီစဉ်မယ်။ ဒီနေရာတွေကို မဝင်ရလို့ တားမယ်။ တားတဲ့ကြားက အတင်းဝင်ရင် အရေးယူဖို့ စီစဉ်ဆောင်ရွက်ဖို့ လုပ်ထားတာတွေ ရှိပါတယ်။"
အန္တရာယ်ရှိတဲ့နေရာတွေကို သတ်မှတ်တဲ့အခါ လူနေထိုင်နဲ့နေရာနဲ့ ကျောက်တူးဖော်တဲ့ လုပ်ကွက်တွေမှာ သတ်မှတ်ဖို့ စီစဉ်ထားတာကြောင့် မြေပြိုတာနဲ့ ရေဘေးအန္တရာယ် ရှိနိုင်တဲ့အကြောင်း အမှတ်အသားတွေ ထားမှာဖြစ်ပြီး တစ်ရက်ကို သုံးကြိမ် သတိပေးသွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့က မြေပြိုမှုမှာ လူနေ အိမ် ၁၅ လုံး ပါသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအိမ်တွေအတွက် မြေအစားထိုး ပြန်မရပါဘူး။ ဖားကန့်ဒေသဟာ ရတနာမြေဖြစ်တာကြောင့် မြေအစားထိုးရဖို့ မလွယ်ကူဘူးလို့ ဖားကန့်မြိုနယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က ရှင်းပြပါတယ်။
“မြေအစားထိုးပေးဖို့ဆိုတာက ဖားကန့်မြို့နယ်က ရတနာမြေ ဖြစ်ပါတယ်။ ရတနာမြေဖြစ်တဲ့အတွက် မြေအစားထိုး ချထားပေးဖို့နေရာကို ရတနာမြေအဖြစ်ကနေ ပယ်ဖျက်ဖို့အပိုင်းတွေ လုပ်ဆောင်ရမှာပါ။ ဒါကတော့ ကျနော်တို့က ပြည်နယ်အစိုးရ ၊ ပြည်နယ်အစိုးရကနေ သဘာဝနဲ့ ပတ်ဝန်းကျင်ထိန်းသိန်းရေး ဝန်ကြီးဌာနကို တင်ပြ၊ ဒါကတော့ သူ့ရဲ့လုပ်ရိုးလုပ်စဉ်တွေပေါ့နော်။ အဲလိုမျိုးပဲ သွားရမှာပေါ့နော်။ ဆိုလိုတာက ယာယီနေရာပေးဖို့က နီးစပ်ရာဆွေမျိုးအိမ်၊ ကျေးရွာခန်းမလို အများပြည်သူဆိုင်တဲ့နေရာတွေကို ရွှေ့ပြောင်းပေးလို့ရတယ်။ အတည်တကျ နေရာပေးတဲ့အခါကျတော့ ဒီလိုပဲသွားရမှာဖြစ်ပါတယ်။”
ဖားကန့်မြို့ ရတနာမြေနယ်နိမိတ်ထဲမှာ ရှိနေတဲ့ ဆိပ်မူကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၂၂ ရွာရှိပြီး ကျောက်မိုင်းခွဲလို့ တုန်ခါတဲ့ဒဏ်၊ မြေသယ်ယာဉ်၊ စက်ယန္တယား အကြီးစားတွေ သွားလာတာကြောင့် မြေသားအက်ကွဲပြီး လမ်းတွေ ပျက်စီးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဖားကန့်မှာ မြေပြိုတာကြောင့် ၂၀၁၆ ခုနှစ် ကနေ ဒီနှစ် ဇွန်လအထိ လူပေါင်း ၇၀၀ လောက် သေဆုံးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ အယောက် ၁၁၀ ကျော် သေဆုံးခဲ့ပြီး ဒီနှစ် ဇွန်လမှာတော့ အယောက် ၂၀၀ လောက် သေဆုံးခဲ့ပြီး စံချိန်တင်ခဲ့ပါတယ်။