ကိုယ်စားလှယ်တွေရဲ့ တစ်ရက်စာ နေ့တွက်စရိတ်ကို ပုဂံ စေတီပုထိုးတွေ ပြုပြင်ဖို့ လှူဒါန်း
2016.08.30

ငလျင်ကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ ပုဂံရှေးဟောင်းနယ်မြေက စေတီပုထိုးတွေကို ပြန်လည်ပြုပြင်ဖို့ အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၆၀၀ ကျော်က ဒီနေ့ တစ်ရက်စာရရှိတဲ့ နေ့တွက်စရိတ် ကျပ် ၂သောင်းစီကို လှူဒါန်းလိုက်ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၀၀ ကျော် နဲ့ တစ်ရက်စာ နေ့တွက်စရိတ်စုစုပေါင်း ကျပ် ၈၅ သိန်း ၂သောင်းနဲ့ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ရဲ့ လှူဒါန်းငွေ ကျပ် ၆၄ သိန်း ၈ သောင်း စုစုေပါင်း ကျပ်သိန်း ၁၅၀ ကို လှူဒါန်းကြောင်း ပြည်သူ့လွှတ်တော်မှာ ကြေညာခဲ့ပါတယ်။
အလားတူ အမျိုးသားလွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ၂၀၀ ကျော်ရဲ တစ်ရက်စာ အသုံးစရိတ်တွေကိုလည်း လှူဒါန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပုဂံရှေးဟောင်းနယ်မြေမှာ စေတီပုထိုးပေါင်း ၂၀၀ နီးပါး ထိခိုက်မှုရှိခဲ့ပြီး လက်ရှိအချိန်မှာ ဘုရားအဆူ ၃၀ ကျော်ကို တက်ရောက်ခွင့် ပိတ်ပင်ထားတယ်လို့ သာသနာရေး နဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက စာရင်းထုတ်ပြန်ထားပါတယ်။