နန်းမိုဟွမ် လွတ်မြောက်ရေး တောင်းဆိုဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃၀ ကျော် လက်မှတ်ထိုးထား
2018.09.20

တအာင်းပလောင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA က နမ့်ခမ်းမြို့ခံ ရှမ်းအမျိုးသမီး နန်းမိုဟွမ် ကို ဖမ်းဆီး ထားတာကို အရေးယူဆောင်ရွက်ပေးရေး ရှမ်းပြည်နယ်အစိုးရကို တောင်းဆိုဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃၀ ကျော်ရဲ့ လက်မှတ်တွေရရှိထားပြီလို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ် က ပြောပါတယ်။
ဒီကိုယ်စားလှယ်တွေထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေအဖွဲ့ချုပ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စတဲ့ပါတီတွေ ပါဝင်တယ်လို့ SNLD ပါတီ မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ် က RFA ကို ဒီနေ့ ပြောပါတယ်။
"ဆက်ကောက်နေတုန်းရှိသေးတယ်ဗျ၊ ၃၅ ယောက်ကျော်တော့ရပြီ၊ လက်မှတ်ထိုးတဲ့ပါတီကတော့ ကျနော်တို့ SNLD ပေါ့၊ ကျားခေါင်းပါတီရယ်၊ USDP ထဲကလည်း လွှတ်တော်ကိုယ်စားလှယ်တွေ ထိုးတယ်၊ NLD က လွှတ်တော်ကိုယ်စားလှယ်တွေလည်း ထိုးတယ်ဗျ၊ အယောက်စေ့ ရသလောက်လေး တောင်းနေတယ်၊ လွှတ်တော်ကလည်းရှိတော့ လွှတ်တော်အားချိန်လေး ပြောပြီးတော့ လက်မှတ်တောင်းရတယ်ပေါ့။ "
လက်မှတ်တွေကို မနက်ဖြန်မှာ အပြီးကောက်ယူပြီး ပြည်နယ်အစိုးရထံ တင်ပြသွားမယ်လို့ ခန့်မှန်းထားကြောင်း လည်း ပြောပါတယ်။
ရှမ်းပြည်နယ်လွှတ်တော်မှာ ပါတီ ၁၂ ခုနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦး၊ စုစုပေါင်း ကိုယ်စားလှယ် ၁၀၀ ကျော်နဲ့ တပ်မတော်သားကိုယ်စားလှယ် ၃၀ ကျော်ရှိတာဖြစ်ပါတယ်။ ရှမ်းပြည်နယ်က ပါတီတွေထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ကိုယ်စားလှယ်ဦးရေ အများဆုံးအနိုင်ရထားတာဖြစ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေအဖွဲ့ချုပ်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့က ဒုတိယနဲ့ တတိယ အများဆုံးဖြစ်ကြပါတယ်။
နန်းမိုဟွမ်ကို TNLA တပ်ဖွဲ့ဘက်က ဖမ်းဆီးထားတာ တစ်လကျော်နေပြီဖြစ်ပြီး ဖမ်းဆီးခံရချိန်က ဒီနေ့အထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့လည်း သိရပါတယ်။
နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် နမ့်ခမ်းဒေသခံ ထောင်ပေါင်းများစွာကလည်း ပြီးခဲ့တဲ့ ၁၇ ရက်နေ့က နမ့်ခမ်းမြို့မှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။