မြန်မာငြိမ်းချမ်းရေးစင်တာအဖွဲ့ တိုင်းရင်းသားခေါင်းဆောင်များနဲ့ ညှိနှိုင်း


2015.09.17
sd-620 ပဒိုနော်စီဖိုးရာစိန် ခေါင်းဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ကို ဇူလိုင်လ ၃ ၇က်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ရစဉ်
Photo: Aung Moe Myint/RFA

နေပြည်တော်မှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ လုပ်ငန်းကိစ္စအပါအဝင် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး TNLA တပ်ဖွဲ့နဲ့ Bilateral လက်မှတ်ရေးထိုးနိုင်ဖို့ ကိစ္စတွေအတွက် MPC မြန်မာငြိမ်းချမ်းရေးစင်တာက ဒေါက်တာ မင်းဇော်ဦး ခေါင်းဆောင်တဲ့ အဖွဲ့ဟာ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့ ညနေ ၅ နာရီမှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ SD ခေါင်းဆောင်တွေဖြစ်တဲ့ ပဒိုနော်စီဖိုးရာစိန် ဦးဆောင်တဲ့အဖွဲ့ နဲ့ ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်ပြီး ဒေါက်တာ မင်းဇော်ဦး က အခုလို ပြောပါတယ်။

“အဓိက ကျနော်တို့လာရတဲ့ ရည်ရွယ်ချက်ကတော့ သုံးခုပေါ့နော်၊ တစ်ခုကတော့ နိုင်ငံတော် သမ္မတကြီးနဲ့ သူတို့ဆွေးနွေးထားတဲ့ဟာရှိတယ်လေ၊ အဲ့ဒီအချက်အလက်တွေကို သေချာရှင်းရှင်းလင်းလင်း ဖြစ်အောင် ဆိုပြီး ကျနော်တို့က လာလုပ်တာတစ်ခုပေါ့နော်၊ နံပါတ်နှစ်ကတော့ ကျနော်တို့ လက်ရှိအခြေအနေပေါ့၊ လက်ရှိအခြေအနေလေးတွေကို ဟိုဖက်ဒီဖက် တင်ပြကြတယ်ပေါ့လေ၊ နံပါတ်သုံးကတော့ ရှေ့ဆက် လုပ်မယ့် လုပ်ငန်းစဉ်တွေပေါ့နော် ဒါကို ကျနော်တို့လာပြီးတော့ညှိတာပါ၊ အဓိကတော့ ဒီ NCA အတွက် ကျနော်တို့ ပြင်ဆင်စရာရှိတာတွေကို ဘယ်လိုမျိုးလုပ်ရင် အကောင်းဆုံးဖြစ်နိုင်မလဲပေါ့၊ ဘာကြောင့်လဲ ဆိုတော့ အချိန်ကအရမ်းနီးလာပြီလေ အချိန်ကလည်းအရမ်းနီးလာပြီဆိုတော့ လက်မှတ်ထိုးတယ်ဆိုတဲ့ ဟာမျိုး အခမ်းအနားတွေ ဘာတွေလုပ်တယ်ဆိုလို့ရှိရင်လည်း ဒါတွေက နိုင်ငံတော်အဆင့်ဖြစ်တာမိုလို့ ဒါတွေက အများကြီး ပြင်ဆင်ရမှာတွေရှိမယ်၊ ရှိမယ်ဆိုတော့ ဘယ်လိုမျိုးလုပ်လို့ရှိရင် အဆင်ပြေနိုင်မလဲ ဆိုတဲ့ဟာ ဝိုင်းဝန်းဆွေးနွေးကြတာပါ”

တဆက်တည်းမှာပဲ အစိုးရနဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး TNLA တပ်ဖွဲ့တွေ နှစ်ဘက်အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ပလောင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ညှိနှိုင်းသွားဖို့ရှိတယ်လို့ လည်း ဒေါက်တာမင်းဇော်ဦး က ပြောပါတယ်။

“အခု ကျနော်တို့ကို တာဝန်ပေးလိုက်တာကတော့ အစိုးရနဲ့လည်း ကျနော်တို့ စကားပြောကြည့်တဲ့အချိန်မှာ ဒီ Bilateral လုပ်ဖို့ဆိုတဲ့မူကတော့ ကျပြီပေါ့နော်၊ ဒါကြောင့်မို့လို့ Bilateral အတွက်ပေါ့နော် ပြင်ဆင်နိုင်ဖို့ အချက်အလက်ယူပြီးတော့ ဒီဘက်ကလူတွေနဲ့ Informal တွေတွေ့ပြီးတော့ အချက်အလက် ရှာဖွေစုဆောင်းဖို့ ဆိုတဲ့ဟာတော့ပါပါတယ်၊ နောက်ပြီးတော့ တစ်ဘက်နဲ့တစ်ဘက်ဘာတွေကွာဟချက်တွေ ရှိနိုင်လဲပေါ့နော် လိုက်ဆက်သွယ်နေတာ အခုလည်း SD က ခေါင်းဆောင်တွေနဲ့ ပြောနေကြတယ်ပေ့ါနော်၊ သူတို့နဲ့ အဆက်အသွယ်ရလို့ရှိရင်တော့ လုပ်ငန်းညှိနှိုင်းတဲ့ဟာလေးတွေ လုပ်လို့ရအောင်ဆိုပြီးတော့ အဲ့လိုပြောထားပါတယ်၊ အဓိကကတော့ Bilateral ဆိုတဲ့ ပေါ်လစီကတော့ရှိတယ်၊ ဘယ်အချိန်လဲဆိုတဲ့ ဟာကတော့ အတိအကျမရှိဘူး၊ ဆိုပါစို့ NCA မပြီးခင်မှာ ပြီးသွားတယ်ဆိုရင်လည်း NCA နဲ့ ဝင်ထိုးလို့ရ တာပေါ့ မပြီးဘူးဆိုလို့ရှိရင်လည်း Bilateral ပြီးမှ NCA ထိုးလို့ရပါတယ်"

လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ် လက်မှတ်ထိုးရေးကိစ္စနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂၄ ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးသွားကြမယ် လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။