MPT ကုန်သွယ်လုပ်ငန်းခွန် ဘယ်လိုပေးဆောင်သလဲလို့ မေးခွန်းထုတ်


2018.12.06
pyitaungsu-hluttaw-622 ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပစဉ်
Photo: Myanmar Union Parliament - facebook

မြန်မာနိုင်ငံမှာ အကြီးမားဆုံး ဆက်သွယ်ရေး တယ်လီကွန်းအော်ပရေတာ တခုဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT နဲ့  မိတ်ဖက် ဂျပန် ဆက်သွယ်ရေးကုမ္ပဏီ KDDI  တို့ဟာ အစိုးရကို ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်တာကို မတွေ့ရဘူးလို့  NLD ပါတီ၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေရဲ့ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် ဒုတိယ ၆ လပတ် အခွန်ကောက်ခံရရှိမှု အခြေအနေကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးရာမှာ အဲဒီလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

တယ်လီကွန်းအော်ပရေတာတွေဖြစ်တဲ့ တယ်လီနော၊ အော်ရီဒူးတို့က ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်တွေဆောင် တာ တွေ့ရပေမယ့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ KDDI ဂျပန်ကုမ္ပဏီတို့က ပေးဆောင်ထားတာ မတွေ့ရဘူး လို့ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က အဲဒီကုမ္ပဏီ အနေနဲ့ ကုန်သွယ်လုပ်ငန်းခွန်ကို ဘယ်လိုပုံစံနဲ့ ပေးဆောင်နေတာလဲဆိုတာကို အစီရင်ခံစာမှာ မှတ်တမ်းမှတ်ရာ မတွေ့ရတဲ့အတွက် မေးခွန်းထုတ်ရတာလို့ ပြောပါတယ်။

တယ်လီကွန်းအော်ပရေတာတွေရဲ့ ကုန်သွယ်လုပ်ငန်းခွန် ထိပ်တန်းပေးဆောင်တဲ့ဇယားမှာ တယ်လီနောက ကျပ်ဘီလီယံ ၅၀ ကျော်နဲ့ နံပါတ်တစ်၊ အော်ရီဒူးက ကျပ်ဘီလီယံ ၅၀ အောက်နဲ့ နံပါတ်နှစ်ဖြစ်ပေမယ့် MPT နဲ့ မိတ်ဖက်ကုမ္ပဏီ KDDI က စာရင်းထဲမှာ မပါတဲ့အတွက် ရှင်းရှင်းလင်းသိချင်တယ်လို့လည်း ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ဝင်ငွေခွန်မှာတော့ တယ်လီနောက ငွေကျပ်ဘီလီယံ ၈၀ ကျော်ဆောင်ထားပြီး MPT ရဲ့ မိတ်ဖက် KDDI ကုမ္ပဏီကတော့ ငွေကျပ် ဘီလီယံ ၃၀ အောက်သာဆောင်တယ်လို့ ပြောပါတယ်။

RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။