မြောက်ဦးနယ်က တိုက်ပွဲမှာ အရပ်သား ၁၁ ဦးထိ သေဆုံး
2020.03.02
မြောက်ဦးမြို့နယ်၊ မြောင်းဘွေရွာအနီးဖြစ်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့ တိုက်ပွဲအပြီး ၂ ရက်မြောက်နေ့၊ ဒီနေ့မှာ အရပ်သား အလောင်း သုံးလောင်းကို ထပ်မံတွေ့ရှိခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားများမျိုးနွယ်များအစည်းအရုံး REC က အတည်ပြုပါတယ်။
အလောင်းကို ရှမ်းတောင်ရွာနားက တံတားအောက်မှာ တွေ့ရှိခဲ့ကြပြီး ရိုက်နှက်ခံရတဲ့ဒဏ်ရာလည်း တွေ့ရတယ် လို့ REC အဖွဲ့ အထွေထွေအတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။
“တချို့အလောင်းတွေမှာ အညိုအမဲအကွက်တွေ တွေ့တယ်။ ရိုက်နှက်ထားသလိုမျိုး ဒဏ်ရာအကွက်တွေတွေ့ တယ်။ တချို့အလောင်းတွေမှာ သေနတ်ဒဏ်ရာတွေပါတယ်။ အလောင်းတစ်ခုမှာတော့ လည်ပင်းကို လှီးထားတာ မျိုးပါတယ်။"
အခုလိုသတ်ဖြတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ခေါ်ဆောင်သွားတဲ့အဖွဲ့အစည်းတွေအနေနဲ့ ဖြေရှင်းချက်ပေးသင့်တယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။
“တချို့လူတွေက လမ်းပေါ်မှာ စစ်ပြီးတော့ တပ်မတော်စစ်ကြောင်းက ခေါ်သွားတယ်ပြောတယ်။ တချို့ကလည်း အိမ်က ခေါ်သွားတဲ့သူတွေ ရှိတယ်လို့လည်း ပြောကြပါတယ်။ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ထိန်းသိမ်း ထားတယ်ဆိုရင်လည်း ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်။ မရှိတော့ဘူးဆိုရင်လည်း လက်လွန်သွားတယ် စသဖြင့် ဖြေရှင်းချက်တော့ ပေးဖို့ကောင်းတယ်။"
တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မေးမြန်းဖို့ RFA က ဒီကနေ့ အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။
တပ်မတော်ယာဉ်တန်းကို AA က ၂၉ ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက်တာကနေ စတင်ပြီးတိုက်ပွဲဖြစ်ပွားတာလို့ ဒေသခံတွေက ပြောကြပါတယ်။ အဲဒီတစ်ရက်တည်းမှာ အရပ်သား ခုနှစ်ယောက် သေဆုံးခဲ့ရပြီးတော့ အဲဒီထဲက နှစ်ယောက်က တိုက်ပွဲကြောက်လန့်လို့ သေဆုံးသွားတာပါ။ ဒါကြောင့် ဖြစ်စဉ်တစ်ခုတည်းမှာ ၁၁ ယောက် သေဆုံးခဲ့ရတာပါ။
အလောင်းတွေကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့တဲ့ ကျေးတွဲရွာသားတစ်ယောက်က အသတ်ခံရသူ သုံးဦးထဲက တစ်ဦးဟာ မွတ်စလင်ကျေးရွာက ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
တနင်္ဂနွေနေ့တုန်းကလည်း အလောင်းတစ်ခုကို ရွာစပ်နားက ယာတောထဲမှာ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် စုစုပေါင်း သေဆုံးသူက ၁၁ ဦးအထိ ရှိလာပါတယ်။
ဒီဒေသခံတွေကို တပ်မတော်ဘက်က ဖမ်းဆီးသွားတာ ဖြစ်တဲ့အတွက် ဒီသေဆုံးမှုအတွက် တပ်မတော်မှာ တာဝန်ရှိတယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက စွပ်စွဲပါတယ်။
မြောက်ဦးမြို့နယ် မြောင်းဘွေရွာအနီး တိုက်ပွဲကြောင့် ရိုဟင်ဂျာရွာသား ခြောက်ယောက်နဲ့ ရခိုင်ရွာသား ခုနှစ်ယောက် ပျောက်ဆုံးနေပါတယ်။ ၂၉ ရက်နေ့တိုက်ပွဲကြောင့် ရိုဟင်ဂျာ ၁၅ ယောက် ဒဏ်ရာရရှိသွားပြီး၊ ရခိုင်ရွာသား သုံးယောက်လည်း ဒဏ်ရာရတယ်လို့ REC က ဖော်ပြထားပါတယ်။
မြောင်းဘွေဟာ စံပြရွာကြီးဖြစ်ပြီးတော့ ရခိုင်နဲ့ ရိုဟင်ဂျာကျေးရွာသားတွေ အတူနေထိုင်ကြတဲ့ဒေသလည်း ဖြစ်ပါတယ်။ မြောက်ဦးမြို့ တောင်ဘက်မှာတည်ရှိပြီးတော့၊ ကားနဲ့ဆိုရင် ၁၅ မိနစ်ခန့် သွားရပါတယ်။