မြောက်ဦး ဒေသခံတစ်ဦးကို တပ်မတော်ကဖမ်းဆီးထား


2020.06.19

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လိပ်ဆင်းပြင်ကျေးရွာသားတစ်ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက ဇွန်လ ၁၁ ရက်နေ့ကတည်းဖမ်းဆီးသွားတာ ဒီနေ့အထိပြန်လွှတ်ပေးတာမရှိသေးဘူးလို့ မိသားစုက RFA ကိုပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောက်ပိုင်း လိပ်ဆင်းပြင်ကျေးရွာကို တပ်မတော်စစ်ကြောင်းတစ်ခုက ဇွန်လ ၁၀ ရက်နေ့က ဝင်ရောက်လာပြီးနောက် ဇွန်လ ၁၁ ရက်နေ့ အဲဒီစစ်ကြောင်းရွာက ပြန်အထွက်မှာ ကျေးရွာသား တစ်ဦးဖြစ်သူ အသက် ၃၁ နှစ်အရွယ် ကိုသန်းမြင့်ဌေးကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ မိသားစုက RFA ကိုပြောပါတယ်။

စစ်ကြောင်းအရာရှိက သူ့ကိုလမ်းပြခိုင်းဖို့ ခေါ်ယူတာဖြစ်လို့ ပြန်လွှတ်ပေးမယ်လို့ပြောပြီး ဖမ်းဆီးခေါ်ဆောင် သွားတာလို့လည်းဆိုပါတယ်။

ဒါပေမယ့် ဒီနေ့အထိပြန်လွှတ်ပေးတာ မရှိသလို စစ်ကြောင်းသွားရာလမ်းတစ်လျှောက် စစ်ဝတ်စုံဝတ်ပြီး ကြိုးချည်ပြီးတော့ ခေါ်သွားနေတယ်လို့ ဖမ်းဆီးခံရတဲ့ ကိုသန်းမြင့်ဌေးရဲ့ ဖခင် ဦးစံထွန်းဖြူကပြောပါတယ်။

“ရဲစခန်းထဲမှာ ကျနော်တို့ သားပြန်တောင်းဖို့သွားတဲ့အခါ ဆရာတော်၊ မိဘ၊ ရပ်မိဘ ရွာမိဘ လူပေါင်း ၂၀ ကျော်လောက်ပါတယ်။ အဲဒီအခါ မြောက်ဦးကိုရောက်တဲ့အခါ စဉ်းစားပေးမယ်လို့ ပြောတယ်။  အခုတော့ အဆက်အသွယ်လေးမရတော့ဘူး။ ကျွန်တော်တို့လည်း ပြောလို့လည်းမရတော့ နေလည်းဝင်တော့မယ်ဆိုတော့ ပြန်လာခဲ့ကြတယ်။ ရွာကထွက်သွားတဲ့အခါ ကြိုးမချည်သေးဘူး။ ကွင်းလယ်မှာ လူသုံး လေးယောက်ဝိုင်းပြီး ကြိုးချည်တာကို အဝေးကကြည့်နေတဲ့လူတွေကမြင်လိုက်တယ်တဲ့။ အခုသွားတဲ့နေရာကို စစ်ဝတ်စုံဝတ်ပြီးတော့ ခေါ်ယူသွားတယ်”


ကိုသန်းမြင့်ဌေးကိုဖမ်းဆီးသွားတဲ့ တပ်မတော်စစ်ကြောင်းဟာ လိပ်ဆင်းပြင်ကျေးရွာကထွက်သွားပြီးနောက် ဇွန်လ ၁၃ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းမှာ အိမ်ထောင်စုတွေကို နှစ်ရက် ကြာစစ်ဆေးခဲ့ပါတယ်။

နောက်နေ့တွေမှာ တိမ်ညိုကျေးရွာထဲမှာလည်း အလားတူ စစ်ဆေးမှုတွေပြုလုပ်ပြီး ဇွန်လ ၁၇ ရက်နေ့က တိမ်ညိုကျေးရွာကနေ မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာဘက်ကို ထွက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီလိုထွက်သွားပြီးနောက် ဘုရားကြီးကျေးရွာနားအရောက်မှာ AA အဖွဲ့နဲ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ ဒီနေ့ မြောက်ဦးမြို့ဘက်ကို ဆက်အသွားမှာလည်း အုတ်ဖိုကန်ကျေးရွာဘက်က ကားလမ်းမပေါ်မှာလည်း ဒီနေ့မနက်အစောပိုင်းက ထပ်မံတိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ကိုသန်းမြင့်ဌေးရဲ့ အမျိုးသမီးဖြစ်သူ မဆန်းမေနုက သူ့အမျိုးသားဟာ စစ်ကြောင်းနဲ့အတူ ပါသွားတာကြောင့် အသက်အန္တရာယ်ကိုစိုးရိမ်မိတယ်လို့ ပြောပါတယ်။

“အိပ်နေတာကဖမ်းသွားတာပါ။ သူ့မှာအစာအိမ်ရောဂါရှိပါတယ်။ ခါတိုင်းဗိုက်အောင့်တယ်။ ကားမှောက်ပြီး ထိခိုက်သွားလို့ ဗိုက်ကိုချုပ်ထားရတယ်။ သူတို့ကလွှတ်များလွှတ်မလားလို့ ဒါပေမယ့် မလွှတ်ခဲ့ ဘူး။ စိတ်ထဲမှာတော့ သူလွတ်လာမှာကိုမျှော်နေတယ်။ နောက်ပြီး လမ်းတွေမှာဗုံးပေါက်မှာကိုလည်း ကြောက်တယ်။ သူ့အသက် အန္တာရာယ်ကို ထိမှာကိုကြောက်တယ်”

ဖမ်းဆီးခံရတဲ့ ကိုသန်းမြင့်ဌေးဟာ အေအေအဖွဲ့နဲ့ပတ်သက်မှုမရှိဘဲ လယ်ယာလုပ်ငန်းကို လုပ်ကိုင်နေတဲ့ သာမန်အရပ်သားဖြစ်တဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်လို့လည်း မိသားစုကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ကလည်း လိပ်ဆင်းပြင်ကျေးရွာက အသက် ၂၇ နှစ်အရွယ် ကိုဇော်ကြီးဟာ မြောက်ဦးမြို့ကို ဆိုင်ကယ်ဘီးပြင်ဖို့အသွား မြို့အဝင်မှာ တပ်မတော်ကဖမ်းဆီးခဲ့ပါတယ်။
နောက်နေ့ ဧပြီလ ၃၀ ရက်နေ့မှာတော့ ဒဏ်ရာတွေနဲ့သေဆုံးသွားတဲ့ ကိုဇော်ကြီးရဲ့ရုပ်အလောင်းကို အမှတ်-၃၇၇ တပ်ရင်းထဲကနေပြီး ဆေးရုံကိုပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။

တပ်မတော်က AA အဖွဲ့ဝင်တွေလို့သံသယနဲ့ ဒေသခံတွေကိုဖမ်းဆီးလေ့ရှိတာကြောင့် အခု ကိုသန်းမြင့်ဌေးဖမ်းဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို RFA ကမေးမြန်းခဲ့ပါတယ်။

ဒီလုပ်ရပ်ဟာ ကိုလိုနီအစိုးရရဲ့ ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုသာဖြစ်တယ်လို့ ခိုင်သုခက မှတ်ချက်ပေးပါတယ်။ လိပ်ဆင်းပြင်ကျေးရွာက ကိုသန်းမြင့်ဌေးကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးထားတာ၊ စစ်ဝတ်စုံဝတ်ပြီးခေါ်ယူတာ စတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က တယ်လီဖုန်းကနေ မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် ဒီညနေပိုင်းအထိ ဆက်သွယ်လို့မရခဲ့ပါဘူး။

ရခိုင်မြောက်ပိုင်းမှာတပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့ ဒီနေ့ မနက်ပိုင်းမှာလည်း ပုဏ္ဏားကျွန်းမြို့နဲ့ ကျောက်ဆိပ်ကျေးရွာကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရပ်သားထိခိုက်သေဆုံးမှုတွေကလည်း တဖြည်းဖြည်းများလာနေပြီး RFA က ရရှိထားတဲ့အချက်အလက်တွေ အရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ  ၂၀၁၈ ဒီဇင်ဘာလကနေ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့အထိ သေဆုံးတဲ့ အရပ်သား ၂၆၀ နဲ့ ထိခိုက်ဒဏ်ရာရသူပေါင်း ကတော့ ၅၆၅ ဦးအထိ ရှိနေပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။