မြောက်ဦးဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေကို ထောင်ဒဏ်ရှစ်လ ချမှတ်


2018.09.24
sittwe-court-622 ရခိုင်ပြည်နယ် စစ်တွေမြို့နယ် တရားရုံးကို မြင်ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဆန္ဒပြရာမှာ ပါဝင်ခဲ့ပြီး ပစ်ခတ်ဖြိုခွဲရာမှာ သေနတ် ဒဏ်ရာတွေ ရရှိခဲ့တဲ့ ဒေသခံ ၈ ဦးကို စစ်တွေမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၈ လ အမိန့်ချမှတ်လိုက်ပြီး ချုပ်ရက်ကို ခံစားခွင့်ပြုတာကြောင့် ဒီနေ့မှာပဲ ပြန်လည်လွတ်မြောက်လာကြပါတယ်။

ဥပဒေနဲ့ဆန့်ကျင်တဲ့သူတွေထဲမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန် က ပြောပါတယ်။

"ရုံးက ၆၁ (ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ)နဲ စွဲချက်မတင်ဘဲ ရာဇသတ်ကြီးပုဒ်မ- ၁၄၅ ဥပဒေနဲ့ ဆန့်ကျင်တဲ့အဖွဲ့တစ်ခုမှာပါဝင်ခဲ့တယ်။  ဘာလို့လဲဆိုတော့ သူတို့ကတော့ စပီကာတွေနဲ့ လူစုခွဲခဲ့တယ် ဘာညာဆိုတာ  ထွက်ဆိုချက်တွေရှိတယ်။ အဲဒါလေးနဲ့စွဲချက်တင်လိုက်တယ်။ အဲဒီပုဒ်မ- ၁၄၅ က  အာမခံ ပေးနိုင်တဲ့ အမှုလည်းဖြစ်တယ်။ ဆိုတော့သူတို့ကိုစွဲချက်တင်တဲ့အခါမှာ  အပြစ်ရှိလားမရှိလားမေးလိုက်တော့ သူတို့က အပြစ်ရှိပါတယ် ကျနော်တို့  ပါသွားခဲ့တယ်ပေါ့လေ အဲဒီသူများတွေသွားတဲ့နေရာ ဆိုတာမျိုးကို  ဝန်ခံလိုက်တဲ့အတွက် ရုံးက ထောင်ဒဏ် ၈ လအမိန့်ချမှတ်လိုက်တယ်"

မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ညက ၂၃၃ ကြိမ်မြောက် ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနားကို အာဏာပိုင်တွေက ပိတ်ပင်လိုက်တာကြောင့် ခရိုင် အုပ်ချုပ်ရေးမှူး ရုံးနဲ့ ခရိုင် ရဲတပ်ဖွဲ့ရုံးကို ချီတက်ဆန္ဒပြခဲ့ကြရာမှာ ရဲက သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းခဲ့တဲ့အတွက် လူ ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့တာပါ။

အစိုးရက သေဆုံးခဲ့သူတွေရော သေနတ်ဒဏ်ရာရသူတွေပါ စုစုပေါင်း လူ ၂၀ ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေနဲ့ တရားစွဲဆိုခဲ့ပြီး အဲဒီအထဲက ၅ ဦးကို တရားခံပြေးအဖြစ် သတ်မှတ်ခဲ့ပါတယ်။

အစိုးရရဲ့ တရားလိုပြ သက်သေတစ်ဦးဖြစ်သူ မြောက်ဦး ရှေးသုဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ညွှန်ကြားရေးမှူး ဦးညိမ်းလွင်ကို စစ်ဆေးရာမှာ ဟောပြောပွဲလုပ်ဖို့အတွက် နန်းရာကုန်းကို သူကိုယ်တိုင်ခွင့်ပြုခဲ့သလို အာဏာပိုင်တွေက တားမြစ်ပြီးနောက်မှာလည်း လူအုပ်စုကို အချိန်မှီ တားဆီးဖို့တင်ပြခဲ့တယ်လို့ ထွက်ဆိုခဲ့ကြောင်းသိရပါတယ်။

ဆန္ဒပြလူအုပ်စုဟာ ရှေးသုဌာနနဲ့ မြို့ကိုလှည့်ပတ်စဉ်မှာလည်း တားဆီးဟန့်တားတာတွေမလုပ်ခဲ့ဘဲ လူအုပ်စု အများအပြားနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးရှေ့ကို ရောက်ရှိလာချိန်မှာမှ သေနတ်နဲ့ပစ်ခတ်နှိမ်နင်းခဲ့တာ ဖြစ်တဲ့အတွက် သေဆုံးတာတွေနဲ့ ထိခိုက်ဒဏ်ရာရခဲ့တာတွေ ဖြစ်ခဲ့ရကြောင်း ထွက်ဆိုခဲ့တယ်လို့လည်း ရှေ့နေ ဒေါ်အေးနုစိန် က ပြောပါတယ်။

အစိုးရတရားလိုနဲ့ လိုပြသက်သေတွေကို စစ်ဆေးချက်အရ ဒီနေ့အမိန့်ချမှတ်ခံရသူ ၈ ဦးဟာ ပြည်သူပိုင်ပစ္စည်းကို ဖျက်ဆီးတယ်ဆိုတဲ့အချက် မပေါ်ပေါက်တဲ့အတွက် ဥပဒေနဲ့ဆန့်ကျင်တဲ့ သူတွေထဲမှာပါဝင်မှု ရာဇသတ်ကြီး ပုဒ်မ-၁၄၅ နဲ့ ပြောင်းလဲစွဲချက်တင်ပြီး ချက်ချင်း အမိန့်ချမှတ်ခဲ့တာပါ။

အမိန့်ချမှတ်ခံရသူ ၈ ဦးဟာ အကျဉ်းထောင်အချုပ်မှာ အချိန် ၈ လကျော်ကြာ နေခဲ့ရပြီးဖြစ်တဲ့အတွက် အမိန့်ချမှတ်ပြီး ချက်ချင်း ပြန်လည်လွတ်မြောက်လာကြတာလည်းဖြစ်ပါတယ်။

ဒီနေ့လွတ်မြောက်လာသူတွေထဲမှာ သေနတ်ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံယူရဦးမယ့်သူတွေလည်း ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။