ဖမ်းဆီးခံ လက္ကာရွာသား သုံးဦး သေဆုံးမှု အဖြစ်မှန်စုံစမ်းပေးဖို့ မိသားစုဝင်တွေ တောင်းဆို
2019.05.10

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာကနေဖမ်းဆီးခံရတဲ့လူ ၂၇ ဦးအနက် သုံးဦးဟာ စစ်တွေတပ်နယ်မှာ စစ်ဆေးခံရချိန်အတွင်း သေဆုံးခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ အဖြစ်မှန်ကိုစုံစမ်းပြီး တာဝန်ရှိသူတွေကို အရေးယူပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။
သေဆုံးသူမိသားစုဝင်တွေကို RFA က မနေ့က သီးသန့်တွေ့ဆုံရာမှာ အခုလို တောင်းဆိုခဲ့တာပါ။
ဧပြီလ ၁ဝ ရက်နေ့က လက္ကာကျေးရွာကနေ တပ်မတော်ကဖမ်းဆီးသွားတဲ့ လူ ၂၇ ဦးအနက် အသက် ၂၅ နှစ်အရွယ် ကိုဇော်မျိုးထွန်းဟာ အသက်ရှုကျပ်ပြီး သေဆုံးသွားကြောင်း၊ အသက် ၄၁ နှစ်အရွယ် ဦးသန်းထွန်းစိန်ဟာ ကြိုးဆွဲချသေဆုံးသွားကြောင်း၊ အသက် ၄၅ နှစ်အရွယ် ဦးမောင်သန်းနုဟာ ယခင်မူးယစ်ဆေးဝါးသုံးစွဲခဲ့တဲ့ဒဏ်ကြောင့် သေဆုံးခဲ့ကြောင်း စသဖြင့် တပ်မတော်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အရင် မူးယစ်ဆေးဝါးသုံးစွဲတဲ့ဒဏ်ကြောင့် သေဆုံးတယ်ဆိုတဲ့ ဦးမောင်သန်းနုဟာ ဆေးလိပ်၊ ကွမ်းယာ၊ အရက် သောက်သုံးတာတောင်မရှိဘူးလို့ သူ့ရဲ့ဇနီး ဒေါ်သန်းခင်ကြည်နဲ့ လက္ကာကျေးရွာက အိမ်နီးနားချင်းတွေက RFA ကိုပြောဆိုသလို ကြိုးဆွဲချသေဆုံးတယ်ဆိုတဲ့ ဦးသန်းထွန်းစိန်ဟာလည်း ကျန်းမာရေးကောင်းမွန်တာကြောင့် တပ်မတော်ဘက်က ထုတ်ပြန်ချက်အပေါ် ယုံကြည်မှုမရှိဘူးလို့ မိသားစုက ပြောပါတယ်။
လူ သုံးဦး သေဆုံးတဲ့ကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံက မေလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းခဲ့ရာမှာ ဦးမောင်သန်းနုဟာ ကျန်းမာရေးချို့တဲ့လာတဲ့အတွက် သေဆုံးတာလို့ ပြောဆိုခဲ့ပြီး တပ်မတော်ဘက်ကပြောသလို မူးယစ်ဆေးဝါးဒဏ်ကြောင့် သေဆုံးတယ်လို့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
RFA ရဲ့သတင်းရင်းမြစ်အချို့က ဖမ်းဆီးစစ်ဆေးခံရချိန်အတွင်း သေဆုံးတဲ့ကိစ္စအပေါ် တပ်မတော်ရဲ့ထုတ်ပြန်ချက်ဟာ ပကတိအခြေအနေနဲ့ ကွဲလွဲနေတယ်လို့ ပြောဆိုတာကြောင့် ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ကြည်လွင်ကို ဆက်သွယ်မေးမြန်းရာမှာ ဆေးရုံရဲ့မှတ်တမ်းတွေကို ထုတ်ဖော်ပြောဖို့ ငြင်းဆိုထားပါတယ်။