ရသေ့တောင်နဲ့ မြောက်ဦးမှာ အရပ်သားနှစ်ဦး သေဆုံး

ဖြူဖြူခိုင်
2020.02.02
rathedaung-injured-622.jpg လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲလို့ ဒဏ်ရာရရှိတဲ့ ရွာသားကို ရသေ့တောင်ဆေးရုံမှာ ၂၀၂၀ ဖေဖော်ဝါရီ ၂ရက်နေ့က တွေ့ရစဉ်
Photo: CJ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ မြောက်ဦးမြို့နယ်မှာ ဒီကနေ့တစ်ရက်တည်း မိုင်းပေါက်ကွဲတာ၊ လက်နက်ကြီးကျည်ပေါက်ကွဲတာကြောင့် အရပ်သား နှစ်ယောက် သေဆုံးပြီး လေးယောက် ဒဏ်ရာရခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ငြိမ်နေရာကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀၊ ၃၁ ရက်နေ့ လောက်စလို့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း အရပ်သားထိခိုက်သေဆုံးတာ မရှိပေမယ့် ဒီနေ့မှာတော့ ရသေ့တောင်မြို့နယ် ငစင်ဘော်ရွာ နဲ့ ပြိန်းတောရွာမှာ မိုင်းပေါက်ကွဲလို့ အရပ်သား တစ်ယောက် သေဆုံးပြီး၊ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲလို့ သုံးယောက် ဒဏ်ရာရခဲ့တာပါ။

ဒီကနေ့ နေ့လယ် နှစ်နာရီလောက်က ငစင်ဘော်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၇ နှစ်အရွယ် ဦးသိန်းစိုးအောင်ဟာ ကျွဲရှာသွားတဲ့အချိန် မိုင်းနင်းမိခဲ့ပြီး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မိုင်းနင်းမိပြီး သေဆုံးသွားတာ။ တစ်ဖက်က ခြေထောက်ပြတ်သွားတယ်။ နောက်တစ်ဖက်ကတော့ ခြေထောက်ပွင့်သွားတယ်။ ကျွဲရှာဖို့သွားတဲ့ လယ်ကန်သင်းနားမှာနင်းမိတာ။”

ငစင်ဘော်ကျေးရွာအနီးမှာ မနေ့က တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ပြီး ရွာသားတွေ ထွက်မပြေးအောင် အနီးအနားမှာ မိုင်းထောင်တာတွေ ရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောပါတယ်။

တချိန်တည်းမှာပဲ ပြိန်းတောကျေးရွာမှာလည်း လက်နက်ကြီးကျည် ပေါက်ကွဲလို့ ဒဏ်ရာရတဲ့ သားအမိသုံးယောက် အခြေအနေကို အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

“မုန့်တီသောက်နေတဲ့အချိန် စားပွဲခုံပေါ်မှာ ကျည်ကလာကွဲတာလို့ပြောတယ်။ လက်နက်ကြီးကျည် လို့ပြောတယ်။ သားတစ်ယောက်ကတော့ ပေါင်မှာဒဏ်ရာရတယ်။ ပေါင်မှာဒဏ်ရာရတဲ့ ကလေးကဒဏ်ရာပြင်းတယ်လို့ပြောတယ်။”

ပြိန်းတောရွာထဲကို လက်နက်ကြီးကျည် မကျရောက်ခင်က အနီးအနားက ညောင်ပင်လှရွာ ဆိပ်ကမ်းကို တပ်မတော်သားတွေပါဝင်တဲ့ ဇက်ရေယာဉ်နှစ်စီး ဆိုက်ကပ်ချိန်မှာ မိုင်းနှစ်လုံး ပေါက်ကွဲခဲ့တယ်လို့လည်း သိရပါတယ်။

ဒီလိုမိုင်းပေါက်ကွဲပြီး မကြာခင်မှာပဲ အနီးအနားမှာရှိတဲ့ ပြိန်းတောကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ပြိန်းတောရွာထဲကျခဲ့တဲ့ လက်နက်ကြီးဟာ ညောင်ပင်လှရွာမှာ ရှိနေတဲ့ တပ်မတော်စစ်ကြောင်းက လှမ်းပစ်လိုက်တဲ့ လက်နက်ကြီးဖြစ်မယ်လို့ ဒေသခံတွေက ယူဆနေပါတယ်။

ဘယ်အဖွဲ့က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်လဲ ဆိုတာကိုတော့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒီနေ့မှာပဲ မြောက်ဦးမြို့နယ် ချောင်းသစ်ကျေးရွာမှာ လက်ကျန်မိုင်းတစ်လုံး ပေါက်ကွဲလို့ အသက် ၁၅ နှစ်အရွယ် ယောကျာ်းလေးတစ်ဦး သေဆုံးပြီး အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

မနေ့ကတော့ ရသေ့တောင်မြို့နယ် အမျက်တောင်ရွာမှာ ၅ နာရီကြာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် က ပြောပါတယ်။

“တိုက်ပွဲတွေ တိုးမြင့်လာတာမကောင်းဘူး။ တိုက်ပွဲများများဖြစ်လေ ပြည်သူလူထုက ထိခိုက်နစ်နာလေပဲ။ ထိခိုက်ဒဏ်ရာ ရမှုတွေများတယ်။ တိုက်ပွဲမဖြစ်ကြဖို့ ထိန်းသိမ်းကြဖို့လိုတယ်။ နိုင်ငံတော်အစိုးရကလည်း ဒီလိုမဖြစ်အောင် ထိန်းသိမ်းပေးရမယ်။ အခုက အစိုးရက တိုက်ပွဲဖြစ်တာလည်း သိပ်မထိန်းသိမ်းဘူး။ တိုက်ပွဲကြောင့်ဖြစ်တဲ့ ပြည်သူလူထုအပေါ်မှာလည်း စားဝတ်နေရေး လုံခြုံရေးအပေါ်မှာလည်း သိပ်ဂရုမစိုက်ဘူး။”


အခုလို ငါးနာရီကြာ တိုက်ပွဲဖြစ်ပွားတာဟာ ရသေ့တောင်မြို့နယ်မှာ ရှားပါးတဲ့ တိုက်ပွဲမျိုးဖြစ်ပြီး နှစ်ဘက်လုံးက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီလို ပစ်ခတ်မှုတွေကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာတွေဖြစ်တဲ့ ငစင်ဘော်၊ ကျောက်ရံ၊ အမျက်တောင် ကျေးရွာတွေကို လက်နက်ကြီးကျည် ကျရောက်တာတွေ ရှိခဲ့တယ်လို့ ဦးခင်မောင်လတ်က ပြောပါတယ်။

အဲဒီတိုက်ပွဲ ပြီးတဲ့နောက် ရသေ့တောင်မြို့နယ်ရဲ့ တစ်မိုင်ခန့်အကွာက ရေမျက်ရွာဟောင်းကို  တပ်မတော် စစ်ကြောင်းတစ်ခု ဝင်ရောက်ပြီး နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး REC ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောပါတယ်။

မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုတဲ့ သံသယတွေနဲ့ တိုက်ပွဲဖြစ်ပွားရာ အနီးအနားရွာတွေက အိမ်တွေကို ဝင်ရောက်ပြီးတပ်မတော်က မီးရှို့တာတွေ မကြာခဏလုပ်လေ့ ရှိတယ်လို့ ဦးရွှေဘော်စိန်ကဆိုပါတယ်။

ရေမျက်ရွာဟောင်းမှာ  အိမ်ခြေ ကိုးလုံးခန့်ပဲရှိပါတယ်။ တပ်မတော်စစ်ကြောင်းက မနေ့ည ‌ခြောက်နာရီခွဲခန့်မှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် နှစ်လုံး မီးလောင်ပျက်ဆီးခဲ့ပြီး လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

AA နဲ့ ရင်ဆိုင်ရာမှာ ဒေသခံတွေ မထိခိုက်အောင် ဂရုစိုက်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး ပြီးခဲ့တဲ့နှစ် မတ်လ ၁၉ ရက်နေ့က RFA ကို ပြောခဲ့ဖူးပါတယ်။

‘‘ကျွန်တော်တို့ဆီကနေ တွေ့ရာမြင်ရာပစ်တာ မဟုတ်ဘဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ပစ်တာ။ ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြောင်းမဲ့ပစ်တာ လုံးဝမရှိဘူး’’ လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားလာတဲ့ အချိန်ကစပြီး အခုအချိန်အထိ ရသေ့တောင်မြို့နယ်က ကျေးရွာပေါင်း  ငါးရွာခန့် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ REC က ထုတ်ပြန်တဲ့ သတင်းတွေအရသိရပါတယ်။

ရသေ့တောင်မြိုနယ်အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာလည်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ပလက်ဝတိုက်ပွဲတွေမှာတော့ AA အဖွဲ့ရဲ့ ယာယီစခန်းကုန်းတစ်ခုကို တပ်မတော်က သိမ်းယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာ ပြီးခဲ့တစ်နှစ်တာ ကာလအတွင်း အရပ်သားသေဆုံးမှု ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရမှု ၂၅၀ ကျော်အထိ ရှိခဲ့တယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC) က ဆိုပါတယ်။ အခုနှစ်ဆန်းပိုင်းအချိန် နှစ်ပတ်အတွင်းမှာလည်း ထိခိုက် ဒဏ်ရာရသူ ၂၀ ကျော်နဲ့ သေဆုံးသူဆယ်ဦးထက် မနည်းရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။