လူ့အခွင့်အရေးမြှင့်တင်ဖို့ ကုလ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်သစ် တိုက်တွန်း
2014.07.17

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသူတွေ ဘက်ကနေ မှန်မှန်ကန်ကန် ရပ်တည်ဆောင်ရွက်ပေးဖို့ အသစ်ခန့်အပ်ခံရတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော် မရှင်ကို ဒီကနေ့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးခန်းမှာ Ms Yanghee Lee က ပြောကြားခဲ့တာဖြစ်ကြောင်း မြန် မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ပြောပါတယ်။
"လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ လူတွေဘက် ကနေ မှန်မှန်ကန်ကန် ရပ်တည်ဆောင်ရွက်ပေးဖို့ လိုတယ်ဆိုပြီးတော့ ယေဘူယျအားဖြင့်တော့ ပြော တာပေါ့၊ ကျနော်တို့ကော်မရှင်က ဒါကိုလုပ်နေတာပါပဲ၊ တိုင်စာတို့ ဘာတို့ တိုင်တဲ့လုပ်ထုံးလုပ်နည်းဆိုတာ ဒီမှာမရှိခဲ့ဖူးဘူး၊ ကျနော်တို့ဆီမှာတိုင်တာ အခုချိန်မှာတော့ လယ်မြေသိမ်းဆည်းမှုတွေက အများဆုံးလောက်ပဲ ဖြစ်သေးတာပေါ့နော်၊ ဒါတွေကို ကျနော်တို့ ဂရုတစိုက်နဲ့ အားလုံးကို နေ့စဉ်အစည်းအဝေးထိုင်တယ်ခင်ဗျ၊ ကျနော်တို့က ပြည်သူတွေရဲ့ တိုင်ကြားချက်တွေကို အမြဲဂရုစိုက်နေတယ်ဆိုတဲ့ဥစ္စာ ပြသနေခြင်းပဲဖြစ်ပါတယ်"
Ms Yanghee Lee ဟာ ဒီကနေ့ အင်းစိန်အကျဉ်းထောင်ကို သွားရောက်လေ့လာခဲ့သလို မနက်ဖြန်မှာ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားရောက်မှာဖြစ်ပြီး မန္တလေးနဲ့ ကချင်ပြည်နယ်တို့ကိုလည်း သွားရောက်မယ်လို့ သိရပါတယ်။
သူ့ရဲ့ ၁၀ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်အမတ်တွေ၊ အစိုးရအဖွဲ့ဝင်တွေအပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။
Ms Yanghee Lee နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြကို RFA သတင်းထောက် ကိုမျိုးဇော်ကို တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။