မွတ်စလင်တွေကို ဘက်လိုက်ကူညီနေတာ မဟုတ်ကြောင်း MSF ပြော
2013.12.13
ရခိုင်ပြည်နယ်က ဒေသခံ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ မိမိတို့ရဲ့ အခမဲ့ လူမှုရေးအကူအညီတွေကို ထိထိရောက်ရောက် အသုံးချစေချင်လိုကြောင်း MSF ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အရေးပေါ်စီမံကိန်းတာဝန်ခံ Mr. Simon Tyler က မေတ္တာရပ်ခံလိုက်ပါတယ်။
နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ဟာ ရခိုင်ပြည်နယ်အတွင်း လူမှုရေးအကူအညီတွေ ဆောင်ရွက်ပေးနေရာမှာ မွတ်စလင်ဒုက္ခသည်တွေ တစ်ဘက်တည်းကိုသာ ကူညီနေတယ်ဆိုပြီး ဒေသခံရခိုင်တိုင်းရင်းသားတွေက ကန့်ကွက်ဆန္ဒပြနေကြတဲ့အပေါ် RFA ကတဆင့် ရခိုင်တိုင်းရင်းသားတွေကို အခုလို မေတ္တာရပ်ခံလိုက်တာဖြစ်ပါတယ်။
“ကျနော်တို့က ဒီလိုမျိုးကို အကူအညီပေးနိုင်ဖို့ဆိုတာက ပြည်သူလူထုက ဆက်သွယ်မှရမှာပါ၊ ဒီလိုမျိုး အခမဲ့ရရှိနေတဲ့ အကူအညီတွေကို ပြည်သူလူထုတွေအနေနဲ့ ထိထိရောက်ရောက် အသုံးချဖို့အတွက် တောင်းဆိုချင်ပါတယ်၊ ကျနော်တို့ကို ဆက်သွယ်မှသာ ဆက်သွယ်တဲ့အပေါ် မူတည်ဆုံးဖြတ်ပြီးတော့ လိုအပ်ရင်လိုအပ်သလို အကူအညီပေးသွားမှာ ဖြစ်ပါတယ်၊ ဒါပေမယ့် အဓိကက ကျနော်တို့ကို ဆက်သွယ်ဖို့လိုပါတယ်”
MSF အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်း အကူအညီတွေပေးနေရာမှာ အရေးပေါ်အခြေအနေနဲ့ ကြုံလာရင် လူမျိုးဘာသာမခွဲခြားဘဲ မွတ်စလင်တွေရော ရခိုင်တိုင်းရင်းသားတွေကိုပါ စစ်တွေဆေးရုံကြီးကိုအရောက် ပို့ဆောင်ကူညီပေးနေကြောင်း၊ အဲသည်လို အကူအညီတွေပေးနိုင်ဖို့အတွက် အချိန်မရွေးဆက်သွယ်နိုင်ကြောင်းကိုလည်း ပြည်နယ်အစိုးရအပါအဝင် ဒေသအာဏာပိုင်တွေကို တင်ပြထားပြီးဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF အနေနဲ့ ရခိုင်ပြည်နယ်အတွင်း လူမှုရေးအကူအညီတွေ ဆောင်ရွက်ပေးနေရာမှာ မွတ်စလင် တစ်ဘက်တည်းကိုသာ ကူညီနေတဲ့အတွက် ရခိုင်ဒေသခံ ၂၀ လောက်က ဒီဇင်ဘာ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့တွေမှာ MSF အဖွဲ့ကို အလိုမရှိကြောင်း စစ်တွေဆေးရုံကြီးဝင်းထဲမှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး MSF ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အရေးပေါ်စီမံကိန်းတာဝန်ခံ Mr. Simon Tyler က MSF အဖွဲ့အနေနဲ့ အကူအညီတွေပေးရာမှာ အခြေအနေလိုအပ်ချက်တွေအပေါ်မှာ အဓိကထားကူညီပေးနေတာဖြစ်ပြီး သူတို့ရဲ့ကူညီမှုတွေကို ဒေသခံတွေအနေနဲ့ နားမလည်လို့ အခုလို ဆန္ဒပြတာ ဖြစ်နိုင်ပါတယ်လို့ ပြောပါတယ်။