ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့အညီ ဆောင်ရွက်မယ်လို့ MSF အဖွဲ့ပြော
2014.09.20

MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ပြန်လည်ဆောင်ရွက်တဲ့အခါ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့အညီ လုပ်ဆောင်သွား မှာဖြစ်ကြောင်း MSF အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ အကြီးအကဲ Mr. Simon Tyler က ပြောပါတယ်။
MSF အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ပြန် လည်ဆောင်ရွက်နိုင်ရေး ကိစ္စနဲ့ပတ်သက်ပြီး စစ်တွေမြို့ မှာရှိတဲ့ ပြည်နယ်အဆင့် အရေးပေါ် ပူးပေါင်းဆောင် ရွက်ရေးစင်တာ ECC အဖွဲ့နဲ့ မနေ့ကဆွေးနွေးခဲ့ရာမှာ Mr. Simon Tyler က အခုလို ပြောဆိုခဲ့တာပါ။
“မိမိတို့ MSF အဖွဲ့အပေါ် ဒေသခံတွေ ဘယ်လိုစိုးရိမ် ပူပန်နေကြတယ်၊ မိမိတို့အဖွဲ့ရဲ့အတိတ်က ဆောင်ရွက် ချက်တွေအပေါ် ဒေသခံတွေ ဘယ်လိုရှုမြင်ကြတယ်၊ ဘက်လိုက်တယ်လို့ ထင်မြင်ထားတာတွေကို သိရှိနား လည်ပါတယ်၊ ဒါ့ကြောင့် မိမိတို့အနေနဲ့ လုပ်ငန်းရှေ့ဆက်ဆောင်ရွက်နိုင်ဖို့အတွက် ဒေသခံတွေရဲ့ အသံတွေ လက်ခံနားထောင်စဉ်းစားပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ဆောင်ရွက်သွားမှာပါ”
ဒါ့ပြင် အခုလက်တလောမှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ MSF အဖွဲ့အပေါ် ယုံကြည်မှုမရှိ သလောက် ဖြစ်နေတဲ့အတွက် သူတို့ရဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေအတွက် အသေးစိတ် အချက်အလက်တွေကို တင်ပြဆွေးနွေးပြီးမှ ဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုပါတယ်။
ECC အစည်းအဝေးကို တက်ရောက်လာတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းလည်း MSF အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက လက်ရှိအခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ်ပြီး ဒေသခံရခိုင်ပြည်သူတွေရဲ့ဆန္ဒကို အလေးထားဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် MSF အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အစိုးရဘက်က ပူးပေါင်းဆောင်ရွက်ဖို့ စီမံထားပေမယ့် ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒမပါဝင် ဘဲ ပြည်နယ်အစိုးရဘက်က လုပ်ဆောင်နိုင်မှာ မဟုတ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့ဟာ ဒေသခံတွေရဲ့ ကန့်ကွက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ရပ်ဆိုင်းထားခဲ့ရပါတယ်။ အခုတစ်ခါ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က နားလည်မှုစာချွန်လွှာ MOU ရေးထိုးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။