မုဒုံမဲဆန္ဒနယ် ၁ အမတ်လောင်းတွေ အကြိတ်အနယ် ယှဉ်ပြိုင်နေ

မင်းခိုင်စိုးလင်း
2020.10.17

မွန်ပြည်နယ်လွှတ်တော် မုဒုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်လောင်း ခြောက်ဦးရှိနေပြီး လာမယ့်လ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ မဲအများဆုံး ရရှိသူ ဖြစ်ရေးအတွက် မဲဆွယ်နေကြပါပြီ။

ပြိုင်ဘက်တွေထဲမှာ တချို့ဟာ ပါတီရဲ့ ကျောထောက်နောက်ခံပြုမှု အရေးကြီးတဲ့နေရာမှာ တာဝန်ထမ်းဆောင် ခဲ့မှုတို့ကြောင့် အမှတ် ၁ မဲဆန္ဒနယ်မှာ ရှေ့ပြေးဖြစ်နေကာ ပြိုင်ဆိုင်မှု ပြင်းထန်မယ်လို့ ကာယကံရှင်တွေနဲ့ လေ့လာသူတွေက ပြောနေကြပါတယ်။  

အာဏာရပါတီ NLD က မွန်ပြည်နယ်လွှတ်တော် မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ကနေ ဝင်ပြိုင်ဖို့  ၃၉ နှစ်အရွယ် ဒေါ်ခင်ကျော့ဖြူကို တာဝန်ပေးထားပါတယ်။

ဒေါ်ခင်ကျော့ဖြူကတော့ ရွေးကောက်ပွဲအတွက် ယုံကြည်ချက်အပြည့်ရှိတယ်လို့ ဆိုပါတယ်။

“ကျွန်မက အနိုင်ရရှိမယ်လို့ ယုံကြည်ထားတယ်။ ယုံကြည်ထားတယ်ဆိုတာက ပြည်သူတွေနဲ့ ကျွန်မနဲ့က ပြီးခဲ့တဲ့၂၀၁၅ကတည်းက တစ်သားတည်း ရှိခဲ့တယ်။ ပြည်သူနဲ့ တစ်သားတည်း ရှိတဲ့အချိန်မှာ တကယ်ပဲ လက်တွေ့မှာ လုပ်ဆောင်ခဲ့လား၊ မလုပ်ဆောင်ခဲ့ဘူးလားဆိုတာ ပြည်သူတွေက သုံးသပ်နိုင်တယ်။ ဒီအချိန်မှာလည်း ကျွန်မနဲ့ တစ်သားတည်း ရှိနေတယ်။ အရင်တုန်းကလည်း ကျွန်မတို့ပါတီက ပြည်သူကို အခြေခံပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်လာတာလေ၊ အဲဒီတော့ အခုလည်း ကျွန်မတို့က ပြည်သူနဲ့ပဲ သွားမယ်။ ပြည်သူ့အသံကို နားထောင်တယ်။ ပြည်သူရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းမယ်၊ ဒီအတွက် ကျွန်မတို့က အခက်အခဲမရှိဘူး”


ဒေါ်ခင်ကျော့ဖြူက ပြည်သူတွေအတွက် ပရဟိတလုပ်ငန်းကို ဆယ်စုနှစ်တစ်ခုနီးပါး လုပ်ဆောင်ထားတဲ့အတွက် အများအကျိုးကို ပိုပြီးထဲထဲဝင်ဝင်လုပ်နိုင်ဖို့ လွှတ်တော်ထဲဝင်ဖို့ ကြိုးပမ်းတာလို့ဆိုပါတယ်။

သူ့ရဲ့ အဓိကပြိုင်ဘက်တစ်ဦးက USDP ပါတီက လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဟောင်း ဦးဝင်းနိုင်ဦး ဖြစ်ပါတယ်။ မွန်ပြည်နယ် ၁၀ မြို့နယ်မှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့သူ ၅၆ နှစ်အရွယ် ဦးဝင်းနိုင်ဦးဟာ မွန်ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဝင်လည်း ဖြစ်ပါတယ်။ သူ တာဝန်ယူထားချိန်မှာပဲ မွန်ပြည်သစ်ပါတီနဲ့အစိုးရ အပစ်ရပ် လက်မှတ် ရေးထိုးခဲ့တာလည်း ဖြစ်ပါတယ်။

မုဒုံ မဲဆန္ဒနယ်အမှတ် (၁) မှာ အရေးကြီးတဲ့ နောက်တစ်ဦးကတော့ မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်း နိုင်တလညီပါ။

မွန်ပြည်သစ်ပါတီမှာ ၂၇ နှစ်ကြာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၅၈ နှစ်အရွယ် နိုင်တလညီက မွန်နိုင်ငံရေးပါတီ ပေါင်းစည်းရေးမှာ ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့သူပါ။

တိုးတက်သောမွန်လူငယ်အစည်းအရုံး (MYPO) ကိုလည်း တည်ထောင်ထားသူတစ်ဦးပါ။

အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ရွေးကောက်ပွဲတွေအပြီးမှာ မွန်နိုင်ငံရေးပါတီတွေ ပေါင်းစည်းနိုင်ခဲ့တဲ့အတွက် မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေဟာ ဒေသခံတွေရဲ့ထောက်ခံမှု ရရှိကြမယ်လို့ နိုင်တလညီက ပြောပါတယ်။

“မွန်လူထုတွေက ကျွန်တော်တို့ကို ထောက်ခံလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်တာပေါ့နော်၊ ဘာဖြစ်လဲ ဆိုတော့ အခုက သိတဲ့အတိုင်းပဲ၊ ဗမာပြည်ရဲ့အပြောင်းအလဲကတော့ တိုင်းရင်းသားတွေ မပါရင်မပြီးဆိုတဲ့ အနေအထား ရောက်သွားပြီပေါ့နော်။ တိုင်းရင်းသားတွေ ဒီနိုင်ငံရဲ့ အပြောင်းအလဲမှာပါမှလည်း ပြည်သူ လူထုတွေ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးတို့ ဖက်ဒရယ်အရေးတို့ ပိုနီးစပ်သွားမှာပေါ့၊ ဒါတွေကို ကြည့်ခြင်းအားဖြင့် ပြည်သူလူထုက ကျွန်တော်တို့ကို ထောက်ခံလိမ့်မယ်လို့ ယုံကြည်တယ်”

မစုစည်းမိခဲ့တဲ့ မွန်ပါတီတွေဟာ ယခင်က မဲဆွယ်စည်းရုံးရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့တဲ့ အခြေအနေမှာ မွန်ပြည်သူတွေ ကိုယ်တိုင်ကလည်း ပါတီကြီးတွေကိုပဲ အားကိုးတကြီးနဲ့ မဲပေးခဲ့ကြတယ်လို့ သုံးသပ်ကြပါတယ်။

မုဒုံမြို့နယ်မှာ မွန်တိုင်းရင်းသား တစ်သိန်းခြောက်သောင်းကျော် ရှိပြီး ရာခိုင်နှုန်းအားဖြင့်တော့ ၈၇ ဒသမ ၉၉ ရာခိုင်နှုန်း၊ ဗမာကတော့ နှစ်သောင်းကျော် ရာခိုင်နှုန်းနဲ့တွက်ရင် ၁၀ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်းတိုင်းရင်းသားတွေလည်း နေထိုင်ကြတယ်လို့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ပြန်ထားတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းအရ သိရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းက ဒီမဲဆန္ဒနယ်မှာ NLD က ၁၇၇၆၃ မဲ၊  USDP က ၁၀၃၆၁ မဲ၊ မွန်အမျိုးသားပါတီက ၅၀၇၆ မဲနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ၃၇၇၅ မဲ အသီးသီး ရရှိခဲ့ ကြတာပါ။

NLD က မုဒုံမြို့နယ်မှာ NLD က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နေရာတွေကိုလည်း နိုင်ခဲ့ပါတယ်။  အမှတ် (၂)မှာတော့ မွန်ပါတီ  အနိုင်ရရှိခဲ့တာပါ။

NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောထွန်းက မုဒုံမြို့နယ်မှာ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့်သူတွေ ရှိနေတယ်လို့  ပြောပါတယ်။

“ကျွန်တော်တို့ မုဒုံမှာဆိုရင် အဓိက ပြိုင်ဘက်ကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီနဲ့ မွန်ညီညွတ်ရေးပါတီ ဒီပါတီနှစ်ခုက အဓိကပြိုင်ဘက်ဖြစ်တယ်။ အခက်အခဲကတော့ ပါတီတိုင်းက သူယှဉ်ပြိုင်နိုင်ဖို့အတွက် သူကြိုးစားမှာပဲ ကျွန်တော်တို့ NLD ကိုယ်စားလှယ်လောင်းဘက်လည်း ကြိုးစားကြမှာပဲ”

မွန်ပြည်နယ် နိုင်ငံရေးလေ့လာသူ မင်းမင်းနွယ်ကလည်း လာမယ့်ရွေးကောက်ပွဲမှာ မုဒုံ မဲဆန္ဒနယ် ၁ မှာ ပြိုင်ဘက် ခြောက်ဦးရှိပေမယ့် အကြိတ်အနယ် ပြိုင်ရမယ့် ပါတီသုံးခုက မဲ အပြတ်အသတ် ကွာကြမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“ရှိရင်းစွဲအာဏာရပါတီက ဒေါ်ခင်ကျော့ဖြူ။ သူက လူငယ်ထဲကပေါ့၊ ဦးဝင်းနိုင်ဦးက နယ်လုံဝန်ကြီးကနေ လာတယ်။ ပြည်ခိုင်ဖြိုးပါတီကနေဝင်တယ်။ သူ့ရဲ့အရှိန်ပါဝါကလည်း မဆိုးဘူး။ ဘာဖြစ်လို့လဲဆိုတော့ USDP က ခိုင်လုံမဲ ရှိနေတဲ့အနေအထားမျိုးမှာ ရှိနေတယ်။ သူ့တို့ရဲ့ ထောက်ခံသူတွေက ခိုင်ခိုင်မာမာ ပီပီပြင်ပြင် ရှိနေတဲ့ အနေအထားမှာ ရှိတယ်။ ၉၀ ရွေးကောက်ပွဲကိုပဲ ကြည့်ကြည့်၊ ဖြတ်သန်းလာတဲ့ရွေးကောက်ပွဲ ဒီနေ့အချိန်ထိပဲကြည့်ကြည့် မွန်ပါတီအနေနဲ့ တစ်ခါမှ နိုင်ခဲ့တဲ့နယ်မြေ မဟုတ်ဘူး။ ဒါပေမဲ့ ထူးထူးခြားခြား နိုင်တလညီက သူက မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှု ဆောင်ဘဝကနေ မွန်ညီညွတ်ပါတီအနေနဲ့ ဝင်ပြိုင်တယ်။ ဒီသုံးခုရဲ့အားပြိုင်မှုက ကျွန်တော်ထင်တာ အပြတ်အသတ် တစ်ယောက်နဲ့တစ်ယောက် အနိုင်ပိုင်းနိုင်တဲ့ အနေအထားမှာ မတွေ့ရဘူး”

တခြား ကိုယ်စားလှယ်လောင်းတွေကတော့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၆၄ နှစ်အရွယ် ဦးခင်မောင်ဦး၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) က ၅၅ နှစ်အရွယ် ဒေါ်မြင့်ဝေ၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက  ၅၇ နှစ်အရွယ် ဦးဝင်းသိန်းတို့ ဖြစ်ပါတယ်။

ပြိုင်ဘက် ခြောက်ဦးထဲက  လာမယ့်လ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ မဲအများဆုံး ရရှိသူဟာ ပြည်နယ်လွှတ်တော်မှာ ဒေသအကျိုး သွားရောက် တာဝန်ယူရမှာပါ။

ကိုယ်စားလှယ်လောင်းတွေကတော့ မဲအများအပြား ရရှိရေးအတွက် ဒေသတွင်းမှာ မဲဆွယ်နေကြပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။