ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ


2018.08.12
bangladesh-foreign-minister-multi-religious-622.jpg ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ၂၀၁၈၊ သြဂုတ် ၁၂ ရက်နေ့က တွေ့ဆုံစဉ်
Photo: RFA

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာအောင် ဒုက္ခသည်စခန်းတွေ ကို သွားရောက်ပြောဆိုပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး မာမွတ်အလီက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့တို့ တွေ့ဆုံရာမှာ နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့တာလို့ အဲဒီအဖွဲ့ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးညွန့်မောင်ရှိန် က ပြောပါတယ်။

"ကျနော်တို့ကို အခု သူပြန်တဲ့အခါမှာ မြန်မာအစိုးရနဲ့ သူစီစဉ်မယ်၊ ကျနော်တို့ကို ဖိတ်ကြားပြီးတော့ ဘင်္ဂလားဒေ့ရှ်ကစခန်းတွေကိုပြမယ်၊ ပြန်လည်လက်ခံရေးမှာ အုတ်တစ်ချပ်၊ သဲတစ်ပွင့်တော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ယူဆပါတယ်၊ တိုက်ရိုက်ကြီးတော့ ခင်ဗျားတို့က လာစည်း ရုံးပါ၊ လာသိမ်းသွင်းပါဗျာ၊ ဒီလိုတော့ မဟုတ်ဘူးပေါ့၊ သွားခြင်းအားဖြင့် ကျနော်တို့က လေ့လာနိုင်မယ်၊ အခက်အခဲ အကျပ်အတည်းတွေကို ဖြေရှင်း ပေးနိုင်မယ်၊ သူတို့ရဲ့ ဒွိဟသံသယကို ကျနော်တု့ိ ဖြေ ရှင်းပေးနိုင်မယ်၊ မြန်မာအစိုးရကိုလည်း ပြန်လည် ဖောက်သည်ချနိုင်မယ်၊ ကျနော်တို့ ဘာတွေမြင်ခဲ့ရ တယ်ဆိုတာတွေကိုပေါ့"

ဘာသာပေါင်းစုံ ညီညွတ်ရေးအဖွဲ့ဘက်ကတော့ နှစ်ဘက်အစိုးရ သဘောတူခွင့်ပြုရင် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် တွေကို သွားရောက်တေ့ွဆုံမယ်လို့ ပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံ ဝန်ကြီးအဆင့် အစည်းအဝေးကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့ က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးရောက်ရှိနေကြသူတွေကို ပြန်လည်လက်ခံရေးကိစ္စ အပေါ် အဆောတလျင်ဆောင်ရွက်ဖို့၊ နှစ်နိုင်ငံအကြား သဘောတူထားတဲ့ စိစစ်ရေးပုံစံတွေကို ကော့(ဇ်)ဘဇား မှာ ရောက်ရှိနေတဲ့ နေရပ်စွန့်ခွာသူတွေထံ ဖြန်ဝေဖို့၊ နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေး ဆွေးနွေးမှုတွေ အဆင်ပြေအောင် နှစ်နိုင်ငံဝန်ကြီးတွေအကြား တိုက်ရိုက်အဆက်အသွယ်လုပ်နိုင်မယ့် သီးသန့် တယ်လီဖုန်းလိုင်း ထားရှိဖို့ စတဲ့ အချက် (၈) ချက် ကို သဘောတူခဲ့ကြတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက မနေ့က သတင်း ထုတ်ပြန်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဟာ မနေ့က မောင်တောမြို့နယ် တောင်ပြို၊ ငါးခူရနဲ့ လှဖိုးခေါင်စခန်းတွေကို သွားရောက်ခဲ့သလို ပန်းတောပြင် မွတ်စလင်ရွာနဲ့ ကိုင်းကြီး မြိုတိုင်းရင်းသားရွာတွေကိုလည်း သွားရောက်ခဲ့ ပါတယ်။

ဒုက္ခသည် ပြန်လည်လက်ခံရေးစခန်းတွေကို မြန်မာဖက်က ဖွင့်လှစ်ထားပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေဟာ ခုချိန်ထိ အလုံးအရင်းနဲ့ ပြန်လည် ဝင်ရောက်လာတာမျိုးတော့ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။