နိုင်ငံတော်ကောင်စီအတွက် မွန်ညီညွတ်ရေးပါတီကို ကမ်းလှမ်း
စစ်အစိုးရက အသစ်ဖွဲ့စည်းထားတဲ့ "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ" မှာ ပါဝင်ဖို့ မွန်ညီညွတ်ရေးပါတီ MUP ကို တစ်နေရာ ကမ်းလှမ်းထားပါတယ်။
ဒီနေရာကို လက်ခံသင့်၊ မခံသင့် အစည်းအဝေးထိုင် ဆုံးဖြတ်မယ်လို့ မွန်ညီညွတ်ရေးပါတီ တာဝန်ရှိသူတစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။
“ကျွန်တော်တို့ အကြောင်းမပြန်သေးဘူး။ မနက်ဖန်အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်မှာ အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်”လို့ မွန်ညီညွတ်ရေးပါတီ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
စစ်အာဏာသိမ်းမှုအပေါ် မွန်ညီညွတ်ရေးပါတီ MUP ရဲ့ သဘောထားထုတ်ပြန်ချက်ကိုလည်း မနက်ဖန် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ထုတ်ပြန်သွားမယ်လို့လည်း ဆိုပါတယ်။
စစ်တပ်ရဲ့ ကမ်းလှမ်းမှုကို လက်မခံသင့်ဘူးလို့ မွန်ညီညွတ်ရေးပါတီ MUP ဝန်းရံထောက်ခံသူတဦးက ပြောပါတယ်။
“ဒီကမ်းလှမ်းမှုကို လုံဝ လက်မခံစေချင်ဘူး။ ပါတီအနေနဲ့လည်း တစ်မျိုးသားလုံးကို ရှေးရှုပြီး လုံးဝလက်မခံသင့်ဘူး။ မွန်ညီညွတ်ရေးပါတီက မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ပါတီသာမက ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြုတဲ့ပါတီပါ။ တကယ်လို့ ကမ်းလှမ်းမှုကို လက်ခံလိုက်မယ်ဆိုရင် တစ်မျိုးသားလုံးကို သစ္စာဖောက်တာပဲ၊ လက်ခံရင်တော့ တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ ပါတီလို့လည်း အသိအမှတ်မပြုနိုင်တော့ဘူး။ ဒါက ကျွန်တော်ရဲ့ သဘောထား ဖြစ်တယ်။ ကမ်းလှမ်းမှုကို လက်မခံပါစေနဲ့လို့လည်း ဆုတောင်းပါတယ်”လို့ မွန်ညီညွတ်ရေးပါတီကို ထောက်ခံသူ ကိုမင်းစွမ်းက ပြောပါတယ်။
"နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ"ကို စစ်အာဏာသိမ်းပြီး နောက်တစ်ရက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥက္ကဋ္ဌ တာဝန်ယူပြီး ဖွဲ့စည်းခဲ့တာပါ။
ဒီကောင်စီမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ကရင်ပြည်သူ့ပါတီ၊ ရခိုင်အမျိုးသားပါတီ စတဲ့ပါတီတွေက ခေါင်းဆောင်ပိုင်းတချို့ကိုလည်း ထည့်သွင်းထားပါတယ်။