ဒုက္ခသည် ၅၀၀ ကျော်ကို အပြီးသတ် ပြောင်းရွှေ့နေရာချ
2018.07.15
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နိဒင်ကျေးရွာမှာရှိတဲ့ မွတ်စလင်ကယ်ဆယ်ရေးစခန်းက ဒုက္ခသည် ၅၀၀ ကျော်ကို အပြီးသတ် ပြောင်းရွှေ့နေရာချထားပြီးသွားပြီလို့ အစိုးရတာဝန်ရှိသူတွေက ဒီနေ့ပြောပါတယ်။
ပြန်လည်နေရာချထားတဲ့ ဒုက္ခသည်တွေ မိမိခြေထောက်ပေါ်မိမိ ရပ်တည်နိုင်တဲ့အထိ စားနပ်ရိက္ခာနဲ့ အခြား ကူညီထောက်ပံ့မှုတွေ ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန် က ပြောပါတယ်။
"အိမ်ကတော့ ၈၅ အိမ်လုံး ရွှေ့ပြီးသွားပြီ၊ ဟိုဘက်မှာလည်း နဂိုတဲတန်းလျားအဟောင်းတွေကိုလည်း ဖျက်ပြီးသွားပြီ၊ အဓိက သူတို့အလုပ်အကိုင်နဲ့ သူတို့ခြေထောက်ပေါ်သူတို့ ရပ်တည်နိုင်သွားပြီဆိုတဲ့ အချိန်ထိတော့ ထောက်ပံ့ပေးမှာပေါ့၊ နဂိုကလည်း တခြားအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ ထောက်ပံ့နေတာပဲလေ"
နိဒင်ကျေးရွာမှာ မွတ်စလင် ဒုက္ခသည်အိမ်ထောင်စု ၈၅ စု လူဦးရေ ၅၀၀ ကျော်ဟာ ၂၀၁၂ ခုနှစ်က ကျောက်တော်မြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မြို့ပေါ်ကနေ ပြောင်းရွှေ့ နေထိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။
သူတို့တွေအတွက် အဲဒီ နိဒင်ကျေးရွာအနီးမှာပဲ လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပြီး ပြန်လည်နေရာချထားရေး ဆောင်ရွက်ခဲ့တာဖြစ်ပြီး နေအိမ်ပြီးစီးမှုအပေါ် မူတည်ပြီး အခုလဆန်းပိုင်းကပဲ ဒုက္ခသည်မိသားစုတွေ တဖြည်းဖြည်း ပြောင်းရွှေ့နေကြတာဖြစ်ပါတယ်။
အလားတူ အိမ်ထောင်စု ၆၄၀ ကျော်နဲ့ လူဦးရေ ၃ ထောင်ကျော်ရှိတဲ့ မြေပုံမြို့ တောင်ပေါ်ကယ်ဆယ်ရေး စခန်းက ိုပိတ်သိမ်းဖို့အတွက် လုံးချင်းနေအိမ်တွေကို အသုတ်လိုက်ဆောက်လုပ်ပေးနေပြီး လက်ရှိအချိန်အထိ နေအိမ်အလုံးရေ ၁၀၀ ကို ဆောက်လုပ်ပြီးစီးနေပြီဖြစ်တာကြောင့် ဒုက္ခသည်မိသားစုတွေ ပြောင်းရွှေ့ နေထိုင်နေကြပြီလို့သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခသည်စခန်းတွေကို အဓိကထား ပိတ်သိမ်းနိုင်ဖို့ အစိုးရက ကြိုးစားနေတာဖြစ်ပါတယ်။